သရက် ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် (၇) နာရီက ဗိုလ်ချုပ်အားကစားကွင်းရှိ ယာယီဈေးတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကား အသိပညာပေးလက်ကမ်းစာစောင်တွင် ၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်၊ အမျိုးသား အောင်ပွဲနေ့သမိုင်းကြောင်း၊ (၉၉)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နှုတ်ချက်၊ တက္ကသိုလ်များဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နှုတ်ချက်၊ ဗြိတိသျှတို့ ပြဋ္ဌာန်းသော ကျွန်ပညာ ရေးဉပဒေ၊ ရန်ကုန်ယူနီဗာစီ တီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦးနှင့် ကဗျာဆရာ မြင်းမူမောင်နိုင်မိုး၏ “အမျိုးသားအောင်ပွဲနေ့ သန္နိဋ္ဌာန်”ကဗျာ စသည့် အကြောင်းအရာများ ပါဝင်ပြီး ပြည်သူအများ လေ့လာသိရှိစေရန်နှင့် တိုင်းရင်းသား အားလုံး ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးတည်ဆောက်နိုင်စေရန် ရည်ရွယ်၍ ဖြန့်ဝေ ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း (အောင်လံ)