ဝက်လက် ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး(oss)မှ ရွေ့လျားဝန်ဆောင်မှု ဆောင်ရွက်ခြင်းကို ပေါက်တောကျေးရွာအုပ်စု ပေါက်တောကျေးရွာ အရှေ့ကျောင်းဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီကဆောင်ရွက်ခဲ့သည်။
ပထမဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်မောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများ အကြောင်းကို လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်သောင်းက ကျေးရွာသန့်ရှင်းသာယာလှပရေးကို လည်းကောင်း၊ ရွာသာကြီးကျေးရွာ နယ်မြေစခန်းမှူး ရဲအုပ်ရဲလွင်ဦးက မှုခင်းကျဆင်းရေးနှင့် တရားဥပဒေ စိုးမိုးရေး အသိပညာပေးဟောပြောခြင်းကို လည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကျော်ခိုင်က အသက် ၁၀နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိရေးအတွက် လိုအပ်ချက်များကို လည်းကောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ညွန့်ဝင်းက လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ−၇ လျှောက်ထားမှုကိစ္စရပ်များကိုလည်းကောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဦးခိုင်စိုးက အဆုတ်ရောင်ရောဂါအကြောင်းကို လည်းကောင်း မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်းနိန်က ပွင့်လင်းရာသီ ရောက်ရှိ လာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကိုလည်းကောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုဦးစီးမှူး ဦးစောနိုင်ဦးက သောက်သုံး ရေရရှိရေးကိုလည်းကောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုဦးစီးမှူး ဒေါက်တာကြည်သာမှ ခွာနာလျှာနာ ရောဂါများ အကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော ဒေသခံပြည်သူများကသိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ယနေ့အခမ်းအနားသို့ (၁၃၂)ဦး တက်ရောက်ခဲ့ကြကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက သိရသည်။
ဥမ္မာဝင်း(ဝက်လက်)