ညောင်လေးပင် ဒီဇင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် သတင်းစကား လက်ကမ်းစာစောင်အတွဲ(၄)၊ အမှတ်(၇)ကို မြို့မ ဈေးနှင့် ပျံကျဈေးတို့၌ ယနေ့ နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ စာစောင်တွင် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားအောင်ပွဲ နေ့သမိုင်းကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု၊ ပညာရေးမြှင့်တင်မှု၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး ၁၁ ဦး၊ ဗြိတိသျှတို့ ပြဋ္ဌာန်းသော ကျွန်ပညာရေးဥပဒေ၊ အမျိုးသားအောင်ပွဲနေ့ သန္နိဋ္ဌာန်ကဗျာစသည့် ဗဟုသုတဆိုင်ရာ များ ပါဝင်ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ခံ ထုတ်ဝေသည့် သတင်း စကား လက်ကမ်းစာစောင်များကို မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အများပြည်သူအသိပညာ တိုးပွားစေရန် အတွက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သက်လွင်(ညောင်လေးပင်)