မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ နေအိမ်တစ်လုံး မီးအားမြှင့်စက်အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွား

မြဝတီ ဒီဇင်ဘာ ၈

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ မေတ္တာ(၃)လမ်းရှိ ဦးကြည်လွင်၏ အုတ်ခံ၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး (၂)ထပ် နေအိမ်တစ်လုံး မီးအားမြှင့်စက် အပူလွန်ကဲပြီး ယမန်နေ့ည ၁၀ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မြဝတီခရိုင်မီးသတ်စခန်းမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးဖြိုးဇော်မင်းဇော် ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ မြဝတီအရန်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ သင်္ဃန်းညီနောင်နယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ က မီးငြှိမ်းသတ်ယာဉ် ၅ စီး၊ မီးသတ်ရေသယ်ယာဉ် ၅ စီး၊ ပုဂ္ဂလိက ရေသယ်ယာဉ် ၈ စီး၊ စုစုပေါင်း ၁၈ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် မီးလုံးဝငြှိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

နေအိမ်ရှိ မီးအားမြှင့်စက်အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကာ မီးလောင်မှုဖြစ်ပွားရာသို့ ကရင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံ နှင့်တာဝန်ရှိသူများလာရောက် ပူးပေါင်းကူညီ ဆောင်ရွက်ပေးသည်။

အိမ်ပိုင်ရှင် ဦးကြည်လွင်မှာ (နဖူးပွန်း၊ ယာပါး)မီးဟပ်ခံရ(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကာ အဆိုပါ မီးလောင်မှုနှင့်ပတ်သက် ၍  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း မြဝတီခရိုင်မီး သတ်စခန်းမှ သိရသည်။

ထိန်လင်းအောင်