ရှမ်းရွာသစ်မြို့ရှိ မဲလောခီးကျေးရွာအုပ်စု၊ ဝါးမီးကလားကျေးရွာတွင် အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းဆောင်ရွက်

ရှမ်းရွာသစ်  ဒီဇင်ဘာ ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသ နေပြည်သူများ ကျန်းမာရေးအသိပညာဗဟုသုတရရှိစေရန်နှင့်  ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍  ယမန်နေ့က ရှမ်းရွာသစ်မြို့ မဲလောခီး‌ကျေးရွာအုပ်စုရှိ ဝါးမီးကလားကျေးရွာတွင်  အသက်နှစ် နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်အား ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းတွင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများတို့က ကလေးငယ်များ ကူးစက်ရောဂါတို့မှ ကာကွယ်ရန်နှင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး အသိပညာဗဟုသုတ ရရှိစေရန်အတွက် ကျန်းမာရေးအသိပညာပေးခြင်း၊ အသက် နှစ်နှစ်အောက် ကလေးငယ်များအား ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ လက်မောင်းလုံးပတ်တိုင်းပေးခြင်း၊ အရပ်တိုင်းပေးခြင်း၊  အသည်းရောင် အသားဝါ (ဘီ)ရောဂါ၊ ပိုလီယို အကြောသေရောဂါ၊ မေးခိုင်ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာ ချောင်းဆိုးရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကင်းဝေးစေရန် အသက်ပိုင်းအခြားအလိုက် ကာကွယ်ဆေးများထိုးပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း လိုအပ်သောကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိ ရသည်။

  ဇင်လေး(ပြန်/ဆက်)