သုံးခွ ဒီဇင်ဘာ ၈
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်းနှင့် ကာကွယ်ထိန်းချုပ်နေတဲ့ အချိန် အတွင်းမှာ ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်နှင့် မြို့မဈေးကြီးအတွင်း ဈေးရောင်းဈေးဝယ်သူများ လူများကြပ်တည်းစွာ ဝယ်ယူစားသုံးခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကူးဆက်မှုကို လျော့နည်းကျဆင်းစေ ရန်အတွက် ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များ စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်း သက်သာစွာဖြင့် Mobile Market ဈေးကားဖြင့် ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်စည်ပင် သာယာရေးအဖွဲ့ရုံးရှေ့တွင် လာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စျေးရောင်းချရာနေရာသို့ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့အမှု့ဆောင်အရာရှိ ဦးခိုင်ကြည်သာလှ၊ မြို့နယ်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ဝင်းမောင်နှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ စျေးဝယ်သူများအနေဖြင့် Social Distancing ဖြင့် လိုက်နာဝယ်ယူရေး၊ စျေးရောင်းကားများအနေဖြင့် သန့်ရှင်းလတ်ဆတ်သော ကုန်ပစ္စည်း များ ဖြစ်စေရေး၊ စျေးနှုန်းမှန်ကန်စွာ ရောင်းပေးရေးတို့ကို စစ်ဆေးကြပ်မတ်ပေးခြင်း၊ ဈေးကားများဖြင့် ရောင်းချသူ၊ ဝယ်ယူသူများ စနစ်တကျ ဝယ်ယူရောင်းချနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဒုတိယအကြိမ် Mobile Market ဈေးကားများဖြင့် လာရောက်စျေးရောင်းချရာတွင် မြို့နယ် အတွင်းရှိ ပြည်သူများကလည်း လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်