ဂန့်ဂေါ ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ယခင်အခါက စပါးရိတ်သိမ်းရာ၌ လူအားဖြင့် ရိတ်သိမ်းခဲ့ကြ သော်လည်း ယခုအခါတွင် တွင်ကျယ်မှုပို၍ ကုန်ကျစရိတ်သက်သာသည့် စပါးရိတ်စက်ကို အသုံးပြု လာကြကြောင်း သိရသည်။
စပါးရိတ်စက်ကို အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ “လူအားဖြင့် ရိတ်တဲ့အခါ တစ်ဧကမှာ ၁၅ ယောက် လောက်ရိတ်မှ တစ်ရက်အတွင်းပြီးပါတယ်၊ စက်အားနဲ့ရိတ်သိမ်းတဲ့အခါ တစ်နာရီဝန်းကျင်အတွင်း ပြီးပါတယ်၊ လူတစ်ယောက်တစ်ရက်လုပ်အားခက ၇ ထောင်ပေးရပါတယ်၊ စက်ငှားတော့ တစ်ဧက အတွက် (၆၅၀၀၀)ကျပ် သာပေးရပါတယ်၊ မြန်လည်းမြန် ဈေးလဲသက်သာတော့ စက်ကိုအသုံးများ လာကြတာဖြစ်ပါတယ်”ဟု ကျောတိုက်ရပ်ကွက်မှ လယ်သမားကြီး ဦးကုလားက ပြောသည်။
လူနှင့်စပါးရိတ်သည့်အခါတွင် ကောက်ရိုးသိမ်းဆည်းရလွယ်ကူပြီး စက်နှင့်ရိတ်သည့်အခါ ကောက်ရိုး သိမ်းဆည်းရ အခက်အခဲဖြစ်မှုရှိကြောင်းနှင့် တိရိစ္ဆာန်အစားအစာအတွက် ကောက်ရိုး လိုအပ်ချက်များ လည်းရှိနေရာ လူအားဖြင့်လည်းရိတ်သိမ်းနေရဆဲဖြစ်ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)