ဆိပ်ဖြူမြို့နယ်တွင် “အလုပ်ဆိုတာ အင်အားပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ဆိပ်ဖြူ  ဖေဖော်ဝါရီ  ၂၂

ဆိပ်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန၊ (Community Centre) တွင် စာပေချစ်မြတ်နိုးသူများနှင့် ကျောင်းသား/ကျောင်းသူများ စုပေါင်း၍  စာရေးဆရာမ ဒေါက်တာ မတင်ဝင်း၏ အလုပ်ဆိုတာ အင်အားပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။

အဆိုပါ စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာ အသင်း၊စာပေချစ်မြတ်နိုးသူများ ပူးပေါင်း၍   စာပေဖတ်ရှုခြင်း အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ မျိုးဆက်သစ်ကျောင်းသား /ကျောင်းသူလေးများ စာအုပ်စာပေမှ ပေးသောသုတ/ရသတို့မှ အသိပညာများဖွံ့ဖြိုးတိုးတက်လာစေရန် ၊စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ၏ စာပေဖတ်ရှုခြင်းမှ ရရှိလာသော အသိပညာဗဟုသုတများ ဖလှယ်ဆွေးနွေးခြင်းဖြင့် တွေဆုံရင်းနှီးမှုရရှိနိုင်စေရန်  ရည်ရွယ်၍ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးစိုးတင့်က  စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်းရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင် အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးဉာဏ်အောင်က စာပေဖတ်ရှုခြင်း အလေ့အကျင့် ကောင်းများနှင့် စာအုပ်စာပေစုဆောင်းနည်းများ၊ မှတ်သားနည်းများကို ပြောကြားခဲ့သည်။ ထို့နောက် စာပေဝါသနာရှင်များက စာရေးဆရာမ ဒေါက်တာ မတင်ဝင်း၏ “အလုပ်ဆိုတာ အင်အားပါ” စာအုပ်ဖတ်ရှုခြင်းမှ ရရှိလာသည့် သုတ /ရသ ဗဟုသုတများကို ရှင်းလင်း ဆွေးနွေး ခဲ့ကြပြီး  ကျောင်းသား /ကျောင်းသူလေးများက သိရှိလိုသည့် အရာများကို ပြန်လည်မေးမြန်းခဲ့ရာ စာပေဝါသနာရှင်များက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရသည်။         

စိုးလင်းနိုင် (IPRD)