မော်လမြိုင် မတ် ၁၈
၂၀၂၅ ခုနှစ် မတ်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်ကျိုက်မရောလမ်း၊ အပိုင်း(၃)လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက မော်လမြိုင်ကျိုက်မရောလမ်းပိုင်း၊ စီမံကိန်းရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ကျေးလက်နေပြည်သူများ၏ လူနေမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရေးနှင့် မြို့ပြကျေးလက်ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ဦးစားပေးကဏ္ဍအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းသည် အဓိကအရေးကြီးတဲ့အချက်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှသာ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း လိုက်ပါ တိုးတက်လာမည်ဖြစ်ကြောင်း၊ မော်လမြိုင်- ကျိုက်မရောလမ်း အပိုင်း(၃)လမ်းသည် မော်လမြိုင်မြို့နှင့်ကျိုက်မရောမြို့တို့ကို ဆက်သွယ်ထားသောလမ်းဖြစ်ပြီး မွန်ပြည်နယ်၏ အထင်ကရလှပသော ထန်းပင်တန်း(Land Mark)အမှတ်အသားများ တည်ရှိရာနေရာလည်းဖြစ်ကာ အများပြည်သူများ လုံခြုံဘေးကင်းစွာနှင့် ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းစွာဖြင့် စီးပွားရေး၊ လူမှုရေးလုပ်ငန်းများကို အလွယ်တကူသွားလာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်နယ်အနေဖြင့် လမ်း၊ တံတားများကို တစ်နှစ်ထက်တစ်နှစ် တိုးတက်ပြုပြင် အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသလို ဒေသခံပြည်သူများအနေဖြင့်လည်း လမ်း၊ တံတားများ ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ဒေသခံပြည်သူတစ်ဦးမှ ကတ္တရာကွန်ကရစ်လမ်းပိုင်းသစ်အား ဖောက်လုပ်ဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက မော်လမြိုင် ကျိုက်မရောလမ်း၊ အပိုင်း(၃)လမ်းသစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က လမ်းဖွင့်ပွဲအခမ်းအနားတွင် ဂုဏ်ပြုဖျော်ဖြေ တင်ဆက်ပေးခဲ့ကြသည့် မွန်ယိမ်းအကအဖွဲ့နှင့် ဘင်ခရာပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်၍ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
အဆိုပါ “မော်လမြိုင် - ကျိုက်မရောလမ်း အပိုင်း (၃)” လမ်းသည် ( ၃ကီလိုမီတာမှ ၄ ကီလိုမီတာ)အထိ အလျား(၁၁၅၀ ပေ) ၊ အကျယ်(၁၈ ပေ)ဖြစ်ပြီး ကတ္တရာကွန်ကရစ် လမ်းအမျိုးအစားဖြစ်ပါကြောင်း၊ လမ်းမြေသား တာဘောင်တင်ခြင်း လုပ်ငန်းကို ယခင်နှစ် (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ခဲ့ပြီး ယခုနှစ်(၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်တွင် ကတ္တရာကွန်ကရစ် ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)