မော်လမြိုင် မတ် ၁၈
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနနှင့် အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများသို့ သွားရောက်ပြီး (၂၀၂၄-၂၀၂၅) ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနေမှုကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်က စာမေးပွဲကြီးကြပ်ရေးမှူးများ၊ တာဝန်ရှိသူများအား တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေစဥ် ကာလအတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေးနှင့် မလိုလားအပ်သည့် အသံများ ဆူညံမှုမဖြစ်ပွားစေရေး ကြပ်မတ်ဆောင်ရွက်ကြရန်နှင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် တာဝန်ထမ်းဆောင်ပေးကြသည့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများ ဝိုင်းဝန်းကူညီကြသူများအားလုံးကို ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။ မွန်ပြည်နယ်အနေဖြင့် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၂၃) ခုရှိရာ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၉၃၅၀) ဦး စာရင်းရှိပြီး၊ ယနေ့ (ဒုတိယ) နေ့ အဂ်လိပ်စာဘာသာရပ် ဝင်ရောက်ဖြေဆိုသူ (၈၉၇၂) ဦး၊ ဖြေဆိုသည့် ရာခိုင်နှုန်း (၉၅.၉၆) ရာခိုင်နှုန်းရှိကြောင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသူ၊ ကျောင်းသားလေးများ ဘေးကင်းလုံခြုံစွာ စာမေးပွဲဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)