မော်လမြိုင် မတ် ၁၉
၂၀၂၅ ခုနှစ် ယနေ့တွင်ကျရောက်သည့် (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့၊ အဆင့်မြင့်ငါးဈေးသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အဆင့်မြင့်ငါးစျေးသစ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်သည်။
ရှေးဦးစွာ မွန်ရိုးရာယိမ်းအဖွဲ့နှင့် ကရင်ဒုံးယိမ်းအဖွဲ့တို့၏ ကပြဖျော်ဖြေတင်ဆက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်က အဆင့်မြင့်ငါးဈေးသစ်တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် မြတ်အဏ္ဏဝါမင်း ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာက လုပ်ငန်းဆိုင်ရာစာရင်းအချက်အလက်များအား လွှဲပြောင်းပေးအပ်ရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာ၊ ပန်းပွားနှင့် တိုင်းရင်းသားအကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက မော်လမြိုင်မြို့ အဆင့်မြင့်ငါးစျေးသစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ငါးစျေးသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
မော်လမြိုင်မြို့၊ ကျောက်မီးသွေးရုံလမ်းနှင့် ကမ်းနားလမ်းကြားတွင်ရှိသည့် မော်လမြိုင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ရတနာထွန်းငါးဈေးမှာ မြို့၏အဓိကလမ်းမကြီးဖြစ်သည့် ကမ်းနားလမ်းအဆုံးတွင် တည်ရှိနေသည့်အပြင် ရောင်းဝယ်ဖောက်ကားမှု စည်ကားလာသည့်အတွက် “အနံ့အသက်များထွက်ခြင်း၊ ရေခဲရေသုံးစွဲမှုများကြောင့် ကတ္တရာလမ်းပျက်စီးမှုများဖြစ်ပေါ်လာခြင်း၊ ငါးကား အဝင်/အထွက်နှင့် ငါးပုံးများကြောင့် ယာဉ်သွားလာမှု၊ ယာဉ်ရပ်နားမှု အခက်အခဲများရှိလာခြင်းတို့ ဖြစ်ပေါ်လာခဲ့ကာ အဆိုပါငါးဈေးကို မုပွန်တိုးချဲ့အိမ်ရာမြေအဖြစ်အသုံးပြုရန် လန(၃၉)ခွင့်ပြုခဲ့ပြီးဖြစ်သည့် ဧရိယာအတွင်းရှိ မြေဧရိယာ(၁၁.၀၇၈)ဧကအတွင်း ပြောင်းရွှေ့နိုင်ရေးအတွက် စီမံကိန်းပထမပိုင်းလုပ်ငန်းများအနေဖြင့် (၂၄' x ၃၀') ငါးဈေးဆိုင်ခန်း(၆၀)ခန်းနှင့် (၁၂' x ၁၅') ကြက်ဈေးဆိုင်ခန်း(၈)ခန်းတည်ဆောက်ခြင်း၊ ရတနာထွန်းငါးဈေးပြောင်းရွှေ့ရာတွင် အဆင်ပြေစေရန်အတွက် အဝင်လမ်းကွန်ကရစ်ခင်းခြင်း၊ အများသုံးသန့်စင်ခန်းတည်ဆောက်ခြင်း၊ ရေရှိရေး၊ Transformer တည်ဆောက်ခြင်းနှင့် ပြင်ပလျှပ်စစ်မီးရရှိရေးတို့ကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ခြင်းဖြင့် ယခုဖွင့်လှစ်ခဲ့သည့် မော်လမြိုင်ငါးဈေးသစ်ကြီးအတွင်း ငါးရောင်းချရာမှာ မရှိမဖြစ်လိုအပ်သည့် ရေခဲစက်နှင့်ငါးများ သိုလှောင်ထားရှိရန် အအေးခန်းစက်ရုံတည်ဆောက်ထားရှိရန် မွန်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် စီမံထားရှိကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)