စစ်တွေ မတ် ၂၀
စစ်တွေမြို့၊ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေးနှင့်ပတ်သက်၍ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဘုရားကြီးရင်ပြင်တော်၌ကျင်းပရာ ဘုရားကြီးဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြသည်။ ယင်းနောက် အခမ်းအနားကို ကြွရောက်တော်မူကြသော ဆရာတော်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးကြပြီး ပြည်လုံးချမ်းသာဘုရားကြီးဂေါပကအဖွဲ့ ဩဝါဒါစရိယ စစ်တွေမြို့၊ ကြွဖြူကျောင်းတိုက်ဆရာတော်ကြီးထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ ရွှေဆိုင်းအဖွဲ့တာဝန်ခံက ရွှေသင်္ကန်းကပ်လှူမည့်အစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းလျှောက်ထားတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဖြည့်စွက်ရှင်းလင်းလျှောက်ထားသည်။ ယင်းနောက် ဩဝါဒါစရိယဆရာတော်ကြီးများက အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူနိုင်ရေးနှင့်ပတ်သက်၍ ဩဝါဒကထားများမိန့်ကြားချီးမြှင့်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ဆရာတော်အရှင်သူမြတ်များထံ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် မြို့နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ ပညာလင်္ကာရကျောင်းတိုက်ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနာဂိန္ဒမဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။
ညနေပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် အစိုးရအဖွဲ့ဝင်များသည် စစ်တွေမြို့၊ ဓညဝတီအားကစားခန်းမနှင့် ဓညဝတီအားကစားကွင်းတို့တွင် ၂၀၂၅ ခုနှစ်၊ နွေရာသီ လူငယ်ရေးရာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓညဝတီအားကစားခန်းမ၌ ဘော်လီဘောသင်တန်းနှင့် ပိုက်ကျော်ခြင်းသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုကို သွားရောက်ကြည့်ရှုအားပေးကြရာ သင်တန်းသား၊ သင်တန်းသူများက မိမိတို့အားကစားနည်းအလိုက် သင်ကြားခဲ့မှုများကို လေ့ကျင့်ကစား ပြသခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအား အားပေးစကားပြောကြားပြီး ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓညဝတီအားကစားကွင်း၌ အမျိုးသား၊ အမျိုးသမီး ဘောလုံးသင်တန်းနှင့် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်သင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။ ထိုသို့သွားရောက်ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက သင်တန်းသား၊ သင်တန်းသူ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီအားလပ်ရက်များတွင် ယခုကဲ့သို့ သင်တန်းများကို ကြိုးကြိုးစားစားတက်ရောက်သင်ကြားနေသည်ကို တွေ့ရ၍ များစွာဝမ်းမြောက်ကြောင်း၊ နောင်တစ်ချိန်တွင် နိုင်ငံ၏တာဝန်ကို ထမ်းဆောင်ကြမည့် သင်တန်းသား၊ သင်တန်းသူများသည် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်အောင် ကြိုးစားသွားရမည်ဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်သော မျိုးဆက်သစ်အားကစားသမားများဖြစ်လာရန်အတွက် မိမိတို့တတ်ကျွမ်းထားသည့် အားကစားနည်းများအလိုက် အမြဲတမ်းလေ့ကျင့်လေ့လာ သင်ကြားနေရမည်ဖြစ်ကြောင်း၊ သို့မှသာ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် လုပ်ကိုင်ဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများရရှိကာ အားကစားမှသည် ဒေသအကျိုး၊ ပြည်နယ်အကျိုး၊ နိုင်ငံအကျိုးအတွက် ဆောင်ရွက်နိုင်သူများ ဖြစ်လာအောင် ကြိုးစားသွားကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက သင်တန်းအလိုက် သင်တန်းသား၊ သင်တန်းသူများအား ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)