၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့  အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

လက်ပံတန်း  ဒီဇင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင်  ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသည့် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်(၉)နာရီက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖြန့်ဝေပေးခဲ့သည်။

လက်ကမ်းစာစောင်များကို မြို့မဈေးကြီး၊ (၁) လမ်း ယာယီသားငါးစျေးနှင့် ဆိုင်ကယ် ကယ်ရီဂိတ်တို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လက်ဝယ် အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသား အောင်ပွဲနေ့ ဦးတည်ချက်၊ အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်း၊ (၉၉)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်၊  ပညာရေး မြှင့်တင်မှုနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့်မိန့်ခွန်းကောက်နုတ်ချက်၊ ရန်ကုန် ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ ဗြိတိသျှတို့ပြဌာန်းသော ကျွန်ပညာရေးဥပဒေ၊ ကဗျာနှင့်ကာတွန်းများ ကဏ္ဍစုံလင်စွာ ထည့်သွင်းဖော်ပြထားကြောင်းသိရသည်။

ဝင့်နန္ဒာဌေး