တာမွေမြို့နယ်တွင် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ရန်ကုန်     ဒီဇင်ဘာ     ၈

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအား အမျိုးသား အောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို သိရှိနားလည်ပြီး မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနမှထုတ်ဝေသည့် " ၂၀၂၀-ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ " အထိမ်းအမှတ်  အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များအား မြို့နယ်အတွင်းရှိ ကားမှတ်တိုင်များ၊ စျေးများ၊ ဘူတာများ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ လမ်းဆုံလမ်းခွနေရာများအပါအဝင် လူစည်ကားရာ နေရာတို့တွင် ပြည်သူများထံ လက်ဝယ်အရောက် လိုက်လံဖြန့်ဝေပေးခဲ့ပါသည်။

အဆိုပါလက်ကမ်းစာစောင်တွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ ပြောကြားချက်မှ ကောက်နုတ်ချက်များ၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို  အဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦးတို့၏ အမည်နှင့် ပညာအရည်အချင်း များ၊ ဗြိတိသျှတို့ ပြဌာန်းသော ကျွန်ပညာရေးဥပဒေ၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ အမျိုးသားအောင်ပွဲနေ့အတွက် ဂုဏ်ပြုကဗျာများ၊ ရှေးဟောင်း သမိုင်းမှတ်တမ်းဓာတ်ပုံများနှင့် ၂၀၂၀-ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များကို စုံလင်စွာ ဖော်ပြထားကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)