သဲကုန်း ဒီဇင်ဘာ ၈
သဲကုန်းမြို့နယ် အတွင်းသို့ ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လာသူများကို တင်ဆောင်လာသည့် မော်တော်ယာဉ်များအား ယမန်နေ့က သဲကုန်းမြို့နယ် ကိုဗစ်ကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ် မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက တားဆီးစစ်ဆေးကာ ရန်ကုန်တိုင်း ဒေသကြီးမှ ပြန်လာသူများကို ခွင့်ပြုချက်မရှိဘဲ တင်ဆောင်လာခြင်းမပြုရန်နှင့် နောက်နောင်တင် ဆောင်လာခြင်းပြုပါကတည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေး တားမြစ်ခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ သဲကုန်းမြို့နယ်မှာ ကိုဗစ်ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာတွေ၊ လူမှုရေး အသင်းအဖွဲ့တွေ၊ စေတနာဝန်ထမ်း(Volunteer)တွေ၊ မြို့နယ်သူ မြို့နယ်သားတွေ အားလုံးပူးပေါင်း ဆောင်ရွက်နေခဲ့ကြတာ အခုဆို (၉)လနီးပါးတောင်ရှိလာပါပြီ။ ယနေ့အထိ သဲကုန်းမြိုနယ်အတွင်းက ပိုးတွေ့လူနာ (၇၆)ယောက်မှာ ရန်ကုန်ပြန်က(၇၃)ယောက် ပါနေတာတွေ့ရပါတယ်၊ သဲကုန်းမြို့နယ်မှာ ရောဂါကူးစက်မှုများတဲ့ ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ပြည်ခရိုင်ပြင်ပက လာရောက်သူတွေကို Facility Quarantine Center တွေမှာ ထားရှိစောင့်ကြည့်လျက်ရှိပါတယ်၊ ပိုးတွေ့သူအများစုကလဲ Facility Quarantine Center တွေထဲကနေ တွေ့ရှိနေတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့မြို့နယ်အနေနဲ့ လက်ရှိအခြေအနေမှာ ထိန်းချုပ်ထားနိုင်ဆဲလို့ပဲ ဆိုရပါမယ်၊ ဒါကလဲ သဲကုန်းမြို့နယ်သူ မြို့နယ်သား တွေ၊ ဌာနဆိုင်ရာတွေ၊ စေတနာ့ဝန်ထမ်း (Volunteer)တွေ၊ လူမှုရေးအသင်းအဖွဲ့တွေရဲ့ ပူးပေါင်းပါဝင်မှု တွေကြောင့် ထိန်းချုပ်ထားနိုင်တယ်လို့ ဆိုရမှာပါ၊ မော်တော်ယာဉ်လိုင်းတွေအနေနဲ့လဲ ကိုယ့်ရဲ့ အကျိုးစီးပွားတစ်ခုထဲ မကြည့်ပဲ မိမိတို့မြို့နယ်အတွင်း ကိုဗစ်ရောဂါပိုးကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် ပူးပေါင်းဆောင်ရွက်ပေးကြစေချင်ပါတယ်" ဟု မြို့နယ်ဒုတိယဦးစီးမှူး ဦးဝေဖြိုးကျော် (ထွေ/အုပ်) က ပြောကြားခဲ့သည်။
သဲကုန်းမြို့နယ်အတွင်းမှ ရန်ကုန်တိုင်းဒေသကြီးသို့ မြို့နယ်အခြေစိုက် ခရီးသည်တင်ယာဉ်လိုင်း( ၂)ခုမှ ကုန်ပစ္စည်းတင်ရန် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)