သရက် ဖေဖော်ဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ကုန်ထုတ်လမ်းတံတား ဖောက်လုပ်ခြင်း (၃) လမ်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနငွေလုံးငွေရင်း ခွင့်ပြရန်ပုံငွေ (၁၀၄ ဒဿမ ၄၃) သန်းဖြင့် တင်ဒါအောင်မြင်သည့်ကုမ္ပဏီမှ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့်အနက် စခန်းကြီးကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်မှု (၁/၂မိုင်)နှင့် ပေါက်ပင်ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်မှု (၀/၄မိုင်) ဆောင်ရွက်နေမှု အခြေအနေကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စခန်းကြီးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း(၁/၂မိုင်) ကျောက်ရော မြေနီလမ်းခင်းခြင်း (၁ပေ၉လက်မ)၊ Box Culvert(၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် ပေါက်ပင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း(၀/၄မိုင်) ကျောက်ရောမြေနီ လမ်းခင်းခြင်း (၁ပေ၉လက်မ) နှင့် ရေပြွန်(၄)စင်း တည်ဆောက်ခြင်း လုပ်ငန်းတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဒေါ်အေးယုမော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းနှင့် ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။
စခန်းကြီးကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက် ပြီးစီးပါက လယ်မြေဧက(၂၂၅၀)ကျော်နှင့် ပေါက်ပင်ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးပါက လယ်မြေဧက (၃၃၀)ကျော် အကျိုးပြုနိုင်မည် ဖြစ်ပြီး လယ်ယာ ထွက်ကုန်များကို ကုန်ကျစရိတ် သက်သာစွာဖြင့် အလွယ်တကူ သယ်ယူပို့ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ဇော်ထက်(သရက်)