မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဖြေဆိုနေမှုကြည့်ရှုအားပေး

မော်လမြိုင် မတ် ၂၂

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း (ရွှေနတ်တောင်) ကျောင်းရှိ စာစစ်ဌာနသို့ သွားရောက်ပြီး (၂၀၂၄-၂၀၂၅) ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနေမှုကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာမေးပွဲကြီးကြပ်ရေးမှူးများ၊ တာဝန်ရှိသူများအား တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေစဥ် ကာလအတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရေးနှင့် မလိုလားအပ်သည့် အသံများ ဆူညံမှုမဖြစ်ပွားစေရေး ကြပ်မတ်ဆောင်ရွက်ကြရန်၊ မျိုးဆက်သစ်နိုင်ငံ့သားကောင်းသမီးမွန်များအားလုံး ကျော်ဖြတ်ရသည့် အရေးကြီးသည့် တက္ကသိုလ်ဝင်စာမေးပွဲဖြစ်၍ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျရာအခန်းကဏ္ဍက ဝိုင်းဝန်းပံ့ပိုးကူညီပေးကြရန်နှင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် တာဝန်ထမ်းဆောင်ပေးကြသည့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများ ဝိုင်းဝန်းကူညီကြသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

မွန်ပြည်နယ်အနေဖြင့် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၂၃) ခုရှိရာ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၉၃၅၀) ဦး စာရင်းရှိပြီး၊ ယနေ့ နောက်ဆုံးနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသူ (၈၉၇၀) ဦး၊ ဖြေဆိုသည့် ရာခိုင်နှုန်း (၉၅.၉၄) ရာခိုင်နှုန်းရှိကြောင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသူ၊ ကျောင်းသားလေးများ ဘေးကင်းလုံခြုံစွာ စာမေးပွဲဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)