မင်းဘူး ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ဆင်ခေါင်းကျေးရွာတွင် ဆောင်း ကုလား ပဲသီးနှံ စံပြကွက်အဖြစ် တောင်သူ ဒေါ်သန်းဌေး၏ ယာမြေ (၅)ဧကတွင် ယမန်နေ့ နံနက်ပိုင်းက ရေဆင်း (၆) ကုလားပဲမျိုး စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကုလားပဲမျိုးစိုက်ပျိုးရာတွင် စိုက်ပျိုးနည်းစနစ်များ မှန်ကန်မှုရှိစေရေးနှင့် ကုလားပဲခင်း များတွင် အများဆုံးဖြစ်ပွာတတ်သော ပင်ငြှိုးရောဂါ၊ ခါးအိရောဂါ၊ ငြှိုးသေရောဂါများ မဖြစ်ပွားစေရေး တို့အတွက် ပညာပေးဆောင်ရွက်ခဲ့ပြီးနောက် မြေတွင်းပိုးကျရောက်မှုအန္တရာယ်မှ ကာကွယ်နိုင်စေရန် သုံးမျိုးစပ်လူးနှယ်ဆေးအပါအဝင် အပင်ပေါက်အားကောင်းစေရေး ပဲမြစ်ဖုဇီဝမြေဩဇာ တစ်ဧက (၃)ထုပ်နှုန်းဖြင့် လူးနှယ်၍ မြို့နယ်စိုက်ပျိုးရေး ကွင်းဝန်ထမ်း များနှင့် ဒေသခံတောင်သူများက ကျဲပက်စနစ်ဖြင့် စိုက်ပျိုးခဲ့ကြသည်။ တစ်ဧကလျှင် ကုလား ပဲမျိုးစေ့တစ်တင်းခွဲနှုန်း ကုန်ကျခဲ့ ကြောင်း၊ ဒေသတွင်း အများဆုံးစိုက်ပျိုးသော ကုလားပဲ မျိုးစေ့များမှာ ရေဆင်း (၄)၊ ရေဆင်း (၆)၊ ရေဆင်း (၁၂)နှင့် တာပွန်မျိုးများဖြစ်ကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်း ဆောင်းကုလားပဲသီးနှံကို ဧကပေါင်း (၁၇၀၀၀)ဧက လျာထား ဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ ဧကပေါင်း (၁၈၀၀)ခန့် စိုက်ပျိုးပြီးစီး ပြီဖြစ်ကြောင်း၊ ကျန်ရှိ နေသောစိုက်ဧကများကို မိုးစပါးရိတ်သိမ်းပြီးချိန်တွင် ဆက်လက်စိုက်ပျိုးဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်ဝင်းထံမှ သိရသည်။
မောင်မောင် (မင်းဘူး)