ပေါင် မတ် ၂၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သထုံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးခွန်ထွန်းထွန်းလှက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရွာတာဝန်ခံများ၊ ရပ်မိရပ်ဖများနှင့် ကျေးရွာသူ/သားများအား မိသားစုဝင်ငွေတိုးစီမံကိန်းသည် (၂)နှစ်ဖြစ်ပါကြောင်း၊ ဈေးကွက်အလားအလာရှိသော၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါကြောင်း၊ သင်တန်းဆင်းများအနက် တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်းထူထောင်လိုသူ (၅)ဦးကို ရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျေးရွာများတွင် ဝင်ငွေတိုးစီမံကိန်းဆောင်ရွက်ကြမည်ဆိုပါက ဒေသဖွံ့ဖြိုးရေးအခြေအနေများကို လေ့လာသုံးသပ်ပြီး ဒေသခံများလိုလားသော နည်းပညာများ ပံ့ပိုးပေးနိုင်ရေးအတွက် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဝင်ငွေတိုးစီမံကိန်း (၂)နှစ်ပြီးပါက ကျေးရွာအုပ်စု(၁)စုတွင် တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်လုပ်ငန်းအနည်းဆုံး (၁၀) ခု ပေါ်ထွန်းလာစေမည်ဖြစ်ပါကြောင်း၊ ပေါ်ထွန်းလာစေမည့်လုပ်ငန်းများ၏ လုပ်ငန်းတိုးတက်မှုအခြေအနေများကိုလည်း လစဉ်ကြီးကြပ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း စသည့်အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်တွင် ပေါင်မြို့နယ်အတွင်းရှိ ကဒုံးစီးရပ်ကွက်၊ ဘန်ဘွေးကုန်းကျေးရွာ၊ သဲဖြူကုန်းကျေးရွာ၊ ကတွန်ကျေးရွာ စသည့်ကျေးရွာများသို့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မိသားစုဝင်ငွေတိုးစီမံကိန်း (၇)ခု အကောင်ထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)