သထုံ မတ် ၂၄
မွန်ပြည်နယ်၊ သထုံမြို့တွင် နွေရာသီကျောင်းပိတ်ရက်ကာလ၌ ကျောင်းသား၊ ကျောင်းသူများအား ယဉ်ကျေးလိမ္မာသောလူငယ်များ ဖြစ်လာစေရေးအတွက် ဓမ္မအလင်းတန်း ဗုဒ္ဓစာပေပြန့်ပွားရေးအသင်းမှ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို သိမ်ကုန်းရပ်ကွက်ရှိ ကြေးသွန်းရုပ်ပွားတော်မြတ်ကြီးရင်ပြင်တော်၌ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။
သင်တန်းကို မတ်လ ၁၀ ရက်နေ့မှ စတင်ကာ ဖွင့်လှစ်ခဲ့ပြီး တစ်လကြာခန့် ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျောင်းပိတ်ရက်ကာလ၌ နေ့စဉ်နံနက် ၈ နာရီခန့်မှစတင်ကာ ၉ နာရီခွဲအချိန်ခန့်အထိ သင်တန်းသား၊ သင်တန်းသူ ၆၀ နီးပါးခန့် တက်ရောက်နေကြပြီး နည်းပြသုံးဦးတို့က ဗုဒ္ဓစာပေကျမ်းဂန်များလာ ယဉ်ကျေးမှုအဆုံးအမများ၊ ယဉ်ကျေးလိမ္မာစွာ နေထိုင်ပြုမူပြောဆိုတတ်စေမည့် နည်းလမ်းများတို့ကို သင်ကြားပေးလျှက်ရှိကြောင်း ဓမ္မအလင်းတန်း ဗုဒ္ဓစာပေပြန့်ပွားရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။
ဓမ္မအလင်းတန်းဗုဒ္ဓစာပေပြန့်ပွားရေးအသင်းအနေဖြင့် ယခုကဲ့သို့ နွေရာသီကျောင်းပိတ်ရက်ကာလ၌ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို နှစ်စဉ်ဖွင့်လှစ်ခြင်းအပြင် ဗုဒ္ဓစာပေများ ပြန့်ပွားရေးအတွက် အခြေခံအဘိဓမ္မာသင်တန်း၊ နိကာယ်၊ သံယုတ် သင်တန်းများ၊ (၃၈) ဖြာမင်္ဂလာသင်တန်း စသည့်ဗုဒ္ဓစာပေဆိုင်ရာသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျှက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)