နတ်တလင်းမြို့နယ်အတွင်းရှိ သာသနာ့ဝန်ထမ်း သီလရှင်ဆရာကြီး ဆရာလေးများအား ဆွမ်းဆန်တော်နှင့် အခြားလှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

နတ်တလင်း  ဒီဇင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး​​ကျောင်းတိုက်များ အတွင်း သီတင်းသုံးနေထိုင်၍ သာသနာ့တာဝန်ထမ်းဆောင်လျက်ရှိသော သီလရှင်ဆရာကြီး ဆရာလေးများအား ဆွမ်းဆန်တော်နှင့် အခြားလှူဘွယ်ဝတ္တုပစ္စည်းများ လှူဒါန်းခြင်းကို ဒီဇင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွမ်းဆန်တော်နှင့် လှူဘွယ်ပစ္စည်းများ လှူဒါန်းခြင်းသည် တတိယအကြိမ် လှူဒါန်းခြင်းဖြစ်ပြီး နတ်တလင်းမြို့နယ်အတွင်းမှ အလှူရှင်များ ပြည်တွင်းပြည်ပမှ အလှူရှင်များ၏ စုပေါင်းအားဖြင့် လှူဒါန်းကြောင်း သိရသည်။ ဒီဇင်ဘာ၇ရက်နေ့တွင် သီလရှင်တစ်ပါးကို ဆန်(၂)ပြည် (၆၅)ကျပ်သားပါ goody ဆီတစ်ဘူး လက်ဘက်ခြောက် '(၁၀)သားတစ်ထုပ် ငပိရေကြို(၂၅) ကျပ်သားတစ်ထုပ် ခေါက်ဆွဲခြောက်နှစ်ထုပ် ကြက်သွန်ဖြူ (၂၅)ကျပ်သားတစ်ထုပ် အချိုမှုန့်အသေးတစ်ထုပ်နှင့် နဝကမ္မ အလှူတော်ငွေကျပ် (၈၀၀၀)ကို မြို့ပေါ်ကျောင်းတိုက်(၄)တိုက်မှ ဆရာကြီး ဆရာလေး (၁၈၇)ပါးနှင့် တောင်ပေါ်ကျောင်းတိုက်(၂)တိုက်မှ '(၁၀)ပါးတို့နှင့်အတူ အဆိုပါ ကျောင်းတိုက်(၆)တိုက်မှ ကျောင်းထိုင် ဆရာတော်များကိုပါ တစ်ပါတည်း လှူဒါန်းခဲ့ပါသည်။ ဒီဇင်ဘာ၈ ရက်နေ့တွင် နတ်တလင်း မြို့နယ်မှ အောင်မေတ္တာစိန်ရွှေရတနာဆိုင်ရှင် ဦးမြင့်အေး​ ဒေါ်အေးမြင့် မိသားစုတစ်စုက ဒီဇင်ဘာ၇ ရက်နေ့က လှူဒါန်းပြီးခဲ့သော ကျောင်းတိုက် (၆)တိုက်မှ သီလရှင်ဆရာကြီး ဆရာလေး(၁၉၇)ပါးကို ဆွမ်းဆန်တော်(၃)ပြည်စီနှင့် အခြားလှူဘွယ် ပစ္စည်းများတို့ဖြင့် ထပ်မံလှူဒါန်းခဲ့ကြောင်း သိရသည်။

ဝင်းမြင့် (နတ်တလင်း)