ပုလဲမြို့နယ်တွင် မိုးစပါးဧရာမင်းမျိုးစေ့ထုတ်စိုက်ကွက် စံကွက်ရိတ်သိမ်းခြင်း တောင်သူကွင်းပြပွဲနှင့် တောင်သူပညာပေး ဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်

ပုလဲ ဒီဇင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊    ယင်းမာပင်ခရိုင်၊  ပုလဲမြို့နယ်၊  ကံကြီးကျေးရွာအုပ်စု၊  ဇီးရင်းကျေးရွာ၊ တောင်သူ ဦးညွှန့်တင်၏ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ စိုက်ပျိုးထားရှိသော ကွင်း အမှတ် ၁၀၆၀-က၊ ဦးပိုင်အမှတ်၂က၊ မိုးစပါး ဧရာမင်း မျိုးစေ့ထုတ်စိုက်ကွက်၌ စံကွက်ရိတ်သိမ်းခြင်း တောင်သူကွင်းသရုပ်ပြပွဲနှင့် တောင်သူပညာပေးဆွေးနွေးပွဲကို  ယနေ့ နံနက် ၁၀နာရီက  ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပုလဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ  ဦးဇော်ဝင်းစိုးက “တောင်သူများအနေနဲ့ တစ်ဧကအထွက်နှုန်း မိတ်ဖတ်များဖြစ်တဲ့ ကောက်ကွက်  ပြည့်မီစေရေး၊  အောင်နှံပင်ပွား တိုးပွားရေး၊ တစ်နှံပါ အောင်စေ့တိုးပွားမှု အခြေအနေများကို   သိရှိနိုင်စေရေးနဲ့ ဧရာမင်း မိုးစပါး စိုက်ကွက်ရဲ့ တစ်ဧက အထွက်နှုန်းကို သိရှိနိုင်စေရေးအတွက် ရည်ရွယ်ပြီး    မိုးစပါးမျိုးစေ့ထုတ်  စံကွက်ရိတ် သိမ်းခြင်းကို  ဆောင်ရွက်ခဲ့ပါတယ်။ ဧရာမင်းမိုးစပါး စံကွက်ရိတ်သိမ်းပွဲသို့   တက်ရောက်လေ့လာတဲ့ တောင်သူများအား   ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်သီးနှံ ကာကွယ်ရေးတာဝန်ခံနှင့်    ဌာနတာဝန်ရှိသူများက  စပါးဖြုတ်ပိုး  ကျရောက်မှုမှ   ကြိုတင်ကာကွယ်နိုင်ရေး အတွက် စပါးခင်းအတွင်း  ကြိုတင်ကင်းထောက်  မှတ်တမ်း ရယူရန် ၊   ပေါင်းမြက်များ  မပြတ်ရှင်းလင်းရန်၊  စပါးခင်းများအတွက် အကျိုးပြုသည့် မိတ်ဆွေပိုးများ သေဆုံးပျက်စီးမှု   မရှိစေရေးအတွက် လိုအပ်ချက် မရှိပါက ပိုးသတ်ဆေးမသုံးစွဲရေး၊ သဘာဝ‌မြေဩဇာနဲ့ သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲရေး၊ ရာသီဥတုပြောင်းလဲမှုနှင့်အညီ သီးနှံမျိုးကွဲ သီးနှံပုံစံပြောင်းလဲရေး၊ စိုက်ပျိုးရေ ချွေတာသုံးစွဲရေးနှင့် မိမိတို့စပါးခင်းအတွင်း ဖြုတ်ပိုးကျရောက်မှုရှိပါက ခရိုင်/မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနနှင့် နီးစပ်ရာ တောင်သူနည်းပညာ ပြန့်ပွားရေးစင်တာများသို့ အချိန်နှင့်တပြေးညီ သတင်း ပေးပို့ရန်တို့ကို   ဆွေးနွေးခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ  စိုက်ပျိုးထားရှိသော မိုးစပါးဧရာမင်းမျိုးစေ့ထုတ် စိုက်ကွက်စံကွက် ရိတ်သိမ်းခြင်း တောင်သူကွင်းသရုပ်ပြပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ  ဦးသန်းနိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်သီးနှံ ကာကွယ်ရေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ ကြောင်းနှင့် တောင်သူဦးညွန့်တင်၏    လယ်ယာမြေပေါ်၌    စိုက်ပျိုးထားရှိသော  ဧရာမင်း မိုးစပါးမျိုး စေ့ထုတ်  စိုက်ကွက်ကို စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် စံကွက်ရိတ်သိမ်းရာ တစ်ဧကလျှင် စပါး အစို ၁၀၀တင်း ထွက်ရှိခဲ့ ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြင့်သိန်းစိုး(ပြန်/ဆက်)