ချောင်းဦး ဒီဇင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ရေကြီးနစ်မြုပ် ခဲ့သည့် ထိခိုက် ပျက်စီးခဲ့သော စိုက်ခင်းများအား သီးနှံများ ပြန်လည်စိုက်ပျိုးပြီး၊ အစားထိုး စိုက်ခင်းများ ပိုးမွှားရောဂါကာကွယ် နိုင်ရေး ဆူးလေကုန်းကျေးရွာအုပ်စု၊ တောင်အင်း ကျေးရွာ၊ ချောင်းမနားကျေးရွာအုပ်စု၊ ကျွန်းသာယာကျေးရွာနှင့် ညောင်ပင် သာကျေးရွာအုပ်စု၊ ဘုံတို ကျေးရွာများသို့ ဒီဇင်ဘာလ ၈ ရက်၊ နံနက် ၁၀ နာရီ အချိန်က ကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့နယ်တွင် အောက်တိုဘာလ နောက်ဆုံးပတ် နှင့် နိုဝင်ဘာလဆန်းရက်များတွင် မိုးသည်း ထန်စွာ ရွာသွန်းခဲ့သောကြောင့် ချောင်းဦးမြို့နယ်အတွင်း မြစ်ချောင်းများ ရေကြီး ရေလျှံပြီး ဒုတိယအကြိမ် ချင်းတွင်းမြစ်ရေများ ဝင်ရောက်သဖြင့် ဆောင်းသီးနှံစိုက်ခင်းအချို့ ရေဝင်နစ်မြုပ်မှုရှိခဲ့ရာ ထိခိုက်ပျက်စီးသော သီးနှံများအား ပြန်လည်စိုက်ပျိုး ပြီးစီးခဲ့ပြီး၊ ဒုတိယအကြိမ် ရေကြီးနစ်မြုပ်မှုကြောင့် ပဲကြား၊ အစေ့ထုတ်ပြောင်း၊ စွန်တာနီ၊ မတ်ပဲ၊ ငရုတ် စသည့် ဆောင်းသီးနှံများ၊ စုစုပေါင်း သီးနှံ (၇)မျိုး စိုက်ဧက (၁၃၃) ဧက ထိခိုက်ပျက်စီးခဲ့ရာ မိုးစပါး ပျက်စီးဧက(၂)ဧကနေရာတွင် ကုလားပဲ (၁)ဧကနှင့် အစေ့ထုတ်ပြောင်း (၁) ဧကကို လည်းကောင်း၊ အခြားဆောင်းသီးနှံ စိုက်ခင်းနေရာများတွင် မူလ သီးနှံကိုလည်းကောင်း၊ မြေပဲနှင့် ကုလားပဲကို အစားထိုး၍လည်းကောင်း ပြန်လည် စိုက်ပျိုးခဲ့ကြောင်း၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ကွင်းတာဝန်ခံ လက်ထောက်ဦးစီးမှူး ဦးကျော်သူရထွန်း က ပြောပြ သည်။
ပြန်လည်စိုက်ပျိုးထားသည့် သီးနှံစိုက်ခင်းများတွင် ပိုးမွှားရောဂါကျရောက်မှုအခြေအနေကို သိရှိနိုင်ရန်နှင့် ကြိုတင် ကာကွယ်နှိမ်နင်းမှုပြုနိုင်ရန် ရေကြီးနစ်မြုပ်သဖြင့် ပြန်လည် စိုက်ပျိုး သည့် ပဲမျိုးစုံနှင့် အစေ့ထုတ်ပြောင်း သီးနှံများတွင် ငမြှောင်တောင်ပိုး Fall Armyworm(FAW)နှင့် ကုလားပဲပင်ညိူးသေရောဂါ ကျရောက်တတ်သဖြင့် စနစ်တကျ ကာကွယ်နှိမ်နင်းတတ်စေရန် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယလက်ထောက် ဦးစီးမှူး ဦးအောင် ကျော်သူ က ပညာပေးဆွေးနွေးခဲ့သည်။
ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းတာဝန်ခံများဖြစ်ကြသည့် လက်ထောက် ဦးစီးမှူး ဦးကျော်သူရထွန်း နှင့် ဒုတိယလက်ထောက် ဦးစီးမှူး ဦးအောင်ကျော်သူ၊ ဆူးလေကုန်းကျေးရွာအုပ်စု၊ တောင်အင်း ကျေးရွာ၊ ချောင်းမနားကျေးရွာအုပ်စု၊ ကျွန်းသာယာ ကျေးရွာနှင့် ညောင်ပင်သာကျေးရွာအုပ်စု၊ ဘုံတိုကျေးရွာတို့မှ တောင်သူများ တက်ရောက် ခဲ့ကြောင်း သိရသည်။
အိအိအောင်(ချောင်းဦး)