ချောင်းဦးမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာအသစ် ၃ ဦး ထပ်မံတွေ့ရှိ

ချောင်းဦး ဒီဇင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၌ ယမန်နေ့ နေ့လယ်ပိုင်းက ကိုဗစ်-၁၉ အတည်ပြုလူနာအသစ် ၃ ဦး ထပ်မံတွေ့ရှိကြောင်း  ချောင်းဦးမြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ချောင်းဦးမြို့နယ် ငါးယှန်ကျေးရွာအုပ်စု၊ မိုင်တဲကျေးရွာသို့ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်မှ ပြန်လာသည့် မိသားစုမှ ငါးယှန်ကျေးရွာ CBFQ တွင် အသွားအလာ ကန့်သတ်ထားရှိစဉ် ချောင်းဦးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ  COVID19 Ag Test ဖြင့်စစ်ဆေးရာ  မိသားစု ၄ ဦးအနက် အသက် ၃၃ နှစ်နှင့် ၂ နှစ်အရွယ်အမျိုးသား ၂ ဦး၊ အသက် ၃၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရကြောင်း သိရသည်။

လူနာများအား ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်ပြီး သီးသန့်ဆောင်၌ ကျန်းမာရေး ကုသမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း၊ ယခုအခါ ချောင်းဦးမြို့နယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၄ ဦး၊ ဆေးကုသလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဆရာ၀န်ကြီး ဒေါက်တာကျော်ထွန်းဦး ထံ မှသိရသည်။ မိုင်တဲကျေးရွာ ကိုဗစ်-၁၉အတည်ပြုလူနာများနှင့် ထိစပ်ခဲ့သော ၁၄ ဦး၊ ကျန်းမာရေး၀န်ထမ်း ၂ ဦး ၊ ပေါင်း ၁၆ ဦးအား CBFQ တွင် အသွားအလာကန့်သတ်ထားရှိပြီး၊ ဓာတ်ခွဲနမူနာ ရယူကာ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

ချောင်းဦးမြို့နယ်တွင် ယခုအချိန်ထိ COVID19 ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့သူ (rtPCR Test  ၃၃၅ ဦး + COVID19 Ag Test ၃၀၆ ဦး) စုစုပေါင်း (၆၄၁) ဦး ရှိပြီး ဓာတ်ခွဲ အတည်ပြုပိုးတွေ့လူနာ (၂၂) ဦးတွေ့ရှိခဲ့ကာ (၁၈) ဦးကို မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် လူနာ ၄ ဦး တက်ရောက် ဆေးကုသမှု ခံယူနေကြောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အိအိအောင်(ချောင်းဦး)