ကျိုက်ထို မတ် ၂၅
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲစာအောင် ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျိုက်ထိုမြို့နယ် သာသနာ့ဗိမ္မာန်၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ရတနာကံဦးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတိက္ခသာရဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်မှ သာသနာရေးဆိုင်ရာများ တင်ပြလျှောက်ထားခဲ့သည်။
ဆက်လက်၍ ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များတို့က ဆရာတော်၊ သံဃာတော်များထံ နဝကမ္မလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာအောင် သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် မြို့နယ်သံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင်ဘုရားသုံးဆူ တောင်ပေါ်ကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇဝန္တထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်းအနုမောဒနာတရားတော် အားနာယူကြပြီး ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)