မော်လမြိုင် မတ် ၂၆
မွန်ပြည်နယ် ၂၀၂၅ ခုနှစ်၊ ဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဧည့်ပရိတ်သတ်များ တက်ရောက်၍ ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက်၊ အဘယ သုတာရာမစာသင်တိုက်၏ ဦးစီးပဓာနနာယက (ဂန္ထဝါစကပဏ္ဍိတ၊ မဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တသာသန အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၂ဝ၂၅ ခုနှစ်၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲအတွက် အလှူငွေကျပ် သုံးဆယ့်ခြောက်သိန်းခြောက်သောင်းသုံးထောင် (၃၆၆၃၀၀၀)သိန်းအား ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် မော်လမြိုင်မြို့၊ အောက်ကျင်းရပ်ကွက်၊ သာသနာ့မာရ်အောင်ဝဲပျံကျောင်းတိုက်၏ ဦးစီးပဓာနနာယက (အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ) ဘဒ္ဒန္တနန္ဒဝံသ အရှင်သူမြတ်ထံမှ အနုမောဒနာ တရားတော်မြတ်ကို နာယူကြည်ညို၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
မွန်ပြည်နယ်၊ ၂ဝ၂၅ ခုနှစ်၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖွင့်ပွဲပထမနေ့ မော်လမြိုင်စာစစ်ဌာန ဓမ္မာစရိယတန်းတွင် (၃၄၉)ပါး စာရင်းသွင်းပြီး (၂၇၉)ပါး ဝင်ရောက်ဖြေဆိုပြီး (၂-၄-၂၀၂၅) ရက်နေ့ထိ ကျင်းပဖြေဆိုသွားမည်ဖြစ်ကာ ပါဠိပထမပြန်စာမေးပွဲတွင် (၂၆၄၉)ပါး စာရင်းသွင်းပြီး (၃၁-၄-၂၀၂၅) ရက်နေ့မှ (၆-၄-၂၀၂၅) ရက်နေ့ထိကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)