မော်လမြိုင် မတ် ၂၆
မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီနှင့် မွန်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အမှတ်စဉ်(၂/၂ဝ၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဝင်များ တက်ရောက်သည်။
အစည်းအဝေးတွင် မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီနှင့် မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ နိုင်ငံအနေဖြင့် ရေခံ၊ မြေခံကောင်းများကို ပိုင်ဆိုင်ထားရှိပြီးဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် ထိထိရောက်ရောက် အသုံးချနိုင်ပါက နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူ ဖြစ်စေပြီး နိုင်ငံတော်၏ တိုးပွားလာသော လူဦးရေအတွက် စားနပ်ရိက္ခာများ လိုအပ်ချက်ပြည့်မီရေးအတွက် လယ်ယာမြေများကို အကျိုးရှိစွာ အသုံးပြုနိုင်ရေး စီမံခန့်ခွဲရမှာ ဖြစ်ပါကြောင်း၊ကော်မတီဝင်များအနေဖြင့်လည်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေရှုထောင့်မှ တင်ပြဆွေးနွေးကြစေလိုကြောင်း၊ပြည်နယ်အတွင်း နိုင်ငံတော်ပိုင်မြေလွတ်၊ မြေရိုင်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အခြားနည်း သုံးစွဲခွင့်ရရှိရေး လျှောက်ထားလာသော ကိစ္စရပ်များအပေါ် ဥပဒေနှင့်အညီ စဉ်းစားဆွေးနွေးပေးခြင်းဖြင့် ဒေသခံများ အလုပ်အကိုင် ရရှိစေရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုစေမှာဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမင်းသိန်းက ပြည်နယ်အတွင်း မြေလွတ်၊ မြေရိုင်း လုပ်ပိုင်ခွင့်အသုံးပြုခွင့် လျှောက်ထားခြင်းနှင့် မြေလွတ်၊ မြေရိုင်းမှ လယ်ယာမြေသို့ ပြောင်းလဲရန်လျှောက်ထားခြင်း ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရာက်လာကြသည့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီဝင်များမှ ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)