လှည်းကူးပညာရေးဒီဂရီကောလိပ်၌ ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Dip. EP) ကို ဆရာ၊ ဆရာမ(၁၃၁၇)ဦးဖြင့် ဖွင့်လှစ်

လှည်းကူး မတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ်၌ ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း(Dip. EP) အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက လှည်းကူးပညာရေးဒီဂရီကောလိပ်ရှိ ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ လှည်းကူးပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်အေးအေးလွင်နှင့် ဆရာ၊ ဆရာမများ၊ ရန်ကုန်တိုင်းဒေသကြီးတိုင်းပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ စုစုပေါင်း(၁၃၁၇)ဦး  တက်ရောက်ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲတွင် လှည်းကူးပညာရေးဒီဂရီကောလိပ်မှ ကျောင်းသူလေးများက တိုးတက်ဝေစီ လှည်းကူးဒီဂရီကျောင်းသီချင်းဖြင့် စတင်ဖျော်ဖြေခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးကအဖွင့်အမှာစကားပြောကြားရာတွင် ဆရာအတတ်ပညာ အရည်အသွေးပိုမို ပြည့်ဝသည့် ဆရာ၊ဆရာမကောင်းများ ဖြစ်လာစေရန်၊ ကျောင်းနေအရွယ်ကလေးတိုင်း ဘက်စုံပညာပြည့်ဝပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန်ခိုင်မာသော လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် ထူးချွန်ထက်မြက်သော နိုင်ငံသားကောင်းများ ပေါ်ထွန်းလာစေရန်အတွက် အဓိကဖော်ဆောင်ပေးရမည့် ဆရာ၊ ဆရာမများ မွေးထုတ်ပေးရန်၊ အခြေခံပညာကျောင်းများတွင် စိတ်ဓာတ်စည်းကမ်းကောင်းမွန်ပြီး သင်ကြားရေးစွမ်းရည် မြင့်မားသော ဆရာ၊ ဆရာမများဖြစ်လာစေရေး လေ့ကျင့်သင်ကြားပေးရန်အတွက် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လှည်းကူးပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်အေးအေးလွင်က Dip.EP သင်တန်းဖွင့်လှစ်ရနှင့်စပ်လျဥ်း၍ ရှင်းလင်း ပြောကြားခဲ့သည်။ ထိုနောက်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သင်တန်းတက်ရောက်သည့် ဆရာ၊ ဆရာမများနှင့် သင်တန်းနည်းပြများအား ဂုဏ်ပြုငွေများချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)