စုကလိမြို့၌ နှစ် (၁၀၀) ပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များအား ပြည်သူများထံသို့ ဖြန့်ဝေ

စုကလိ၊  ဒီဇင်ဘာ    ၈

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၌ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်အတွဲ(၄)၊ အမှတ်(၇) အား မြို့နေပြည်သူများ ဗဟုသုတရရှိစေရန်နှင့် မိမိတို့နိုင်ငံ၏နေ့ထူးနေ့မြတ်အကြောင်းကို သိရှိမှတ်သားတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက စုကလိမြို့/ပြန်ဆက်ဦးစီးဌာနဝန်ထမ်းများက ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

 ထိုလက်ကမ်းစာစောင်တွင် နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကိုသပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၏ အမည်များ၊ ဗြိတိသျှတို့၏ ကျွန်ပညာရေးစနစ်ဥပဒေ၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာ ပုံသမိုင်းကြောင်းနှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ (၉၉)ခုနှစ် အမျိုးသားအောင်ပွဲနေ့တွင် ပေးပို့ထားသည့် သဝဏ်လွှာ မှကောက်နုတ်ချက်များနှင့် ပြည်သူများ စိတ်ဝင်စားဖွယ် ကာတွန်း၊ ကဗျာများနှင့်ဝေဝေဆာဆာ ထုတ်ဝေထားသော စာစောင်ဖြစ်ပြီး စုကလိမြို့ရုံးနံရံကပ်ပြဘုတ် တွင်အချိန်နှင့်တစ်ပြေးညီပြသထားကြောင်းသိရှိရသည်။

ပိုပိုအောင်