မော်လမြိုင် ဧပြီ ၁၁
မွန်ပြည်နယ်၏ ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များတာဝန်ပေးအပ်ပွဲအခမ်းအနားနှင့် ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ် အခွန်အရပ်ရပ်လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်စီမံကိန်းကော်မရှင်ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းမှာ ပြည်သူများအတွက် အမှန်တကယ်လိုအပ်သည့်ကိစ္စရပ်များကို ဦးစားပေးအလိုက်ရွေးချယ်ပြီး ဒေသန္တရစီမံကိန်းတွင် ထည့်သွင်းလျာထားဦးစားပေးရေးဆွဲထားခြင်းကြောင့် (GDP) တိုးတက်မှုနှုန်း (၂.၆) ရာခိုင်နှုန်းရရှိမည်ဟု မျှော်မှန်းထားပါကြောင်း၊ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ ရန်ပုံငွေထည့်သွင်းလျာထားသည့် ဆောင်ရွက်ဆဲလုပ်ငန်းများ ပြီးပြတ်စေရေးနဲ့ ဆောင်ရွက်ရမည့် စီမံကိန်းရည်မှန်းချက်များကို အကောင်အထည်ရာမှာ ပြည်သူများအတွက် အကျိုးရှိ/မရှိ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြု/မပြု၊ ပတ်ဝန်းကျင်ထိခိုက်မှုရှိ/မရှိ၊ ဘက်စုံလေ့လာဆန်းစစ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ လုပ်ငန်းစီမံကိန်းများကို ဆောင်ရွက်ရာမှာလည်း နိုင်ငံတော်ဘဏ္ဍာငွေများ အလေအလွင့်မရှိစေဘဲ ထိရောက်စွာဖြင့် သတ်မှတ်ချိန်အတွင်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပြီးစီးအောင်ဆောင်ရွက်ကြရန် အလေးအနက်ထား မှာကြားလိုကြောင်း၊ တာဝန်ပေးအပ်လိုက်တဲ့ စီမံကိန်းရည်မှန်းချက်များ ပြည့်မီကျော်လွန်အောင် လုပ်ငန်းအလိုက်၊ လအလိုက် စနစ်တကျ စီမံချက်များရေးဆွဲပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားရန်၊ ဘဏ္ဍာငွေများ အလေအလွင့်မရှိစေဘဲ ထိရောက်စွာဖြင့် သတ်မှတ်ချိန်အတွင်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပြီးစီးအောင်ဆောင်ရွက်ကြရန်နှင့် အခက်အခဲများရှိပါက အချိန်နဲ့တစ်ပြေးညီတင်ပြပြီး အတည်ပြုချက်ရယူဆောင်ရွက်သွားကြဖို့ အလေးအနက်ထား ပြောကြားသည်။
ထို့နောက် မွန်ပြည်နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မွန်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး နိုင်လယိတမက မွန်ပြည်နယ်၏ ၂ဝ၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက် ရေးဆွဲမှုအခြေအနေနှင့်ပတ်သက်၍ သုံးသပ်ဆွေးနွေးတင်ပြပြီး၊ မွန်ပြည်နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး၊ မွန်ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးသန်းအောင်က မွန်ပြည်နယ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက် လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီးနှင့် ခရိုင်များအလိုက် တာဝန်များပေးအပ်ခဲ့ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့က လက်ခံရယူကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အခွန်အရပ်ရပ်လျာထားချက်အပေါ် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိသည့် မြို့နယ်အခွန်ဦးစီးဌာနမှူးများအား အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့ပြီး မွန်ပြည်နယ်အနေနဲ့ ပြည်နယ်အခွန်အထောက်အကူပြုအဖွဲ့ရဲ့ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့များ၏ ကြိုးစားလိုက်နာဆောင်ရွက်မှုဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် လျာထားချက် ကျပ်သန်း(၂၁၆၂၉.၀၁၄)အပေါ် ကျပ်သန်း (၂၆၇၄၄.၉၀၇) ကောက်ခံရရှိခဲ့ပြီး ၁၂၃.၆၅ ရာခိုင်နှုန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့်အပြင် လွန်ခဲ့သော(၅)နှစ်၏ အခွန်ကောက်ခံရရှိမှု တင်ပြချက်စိစစ်မှုများအရ ယခုဘဏ္ဍာနှစ်မှာ သိသာစွာ တိုးတက်ကောက်ခံရရှိခဲ့တာကို တွေ့ရှိရကြောင်း၊ အခွန်စည်းကြပ်ထိုက်သူများအား ဥပဒေနဲ့အညီ အခွန်စည်းကြပ်မှုဆောင်ရွက်နိုင်ခဲ့ခြင်း၊ အခွန်ကောက်ခံမှုစာရင်းများအရ လိုအပ်ချက်များအား ကြီးကြပ်လမ်းညွှန်ခဲ့ခြင်းတို့ကြောင့် မြို့နယ်အလိုက်လျာထားချက်များ ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိခဲ့ကြောင်း၊ (၁၀)မြို့နယ်လုံး လျာထားချက်ပြည့်မီကျော်လွန်အောင် ကောက်ခံရရှိသည့်အတွက် နိုင်ငံတော်နှင့် ပြည်နယ်ရဲ့ ရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေများ ပြည့်မီကျော်လွန်စွာ ကောက်ခံနိုင်ခဲ့တဲ့ မြို့နယ်အခွန် ဦးစီးဌာနမှူးများနှင့် ဝန်ထမ်းများကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်း၊ လာမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လျာထားချက်များကိုလည်း ပြည့်မီကျော်လွန်စွာ ကောက်ခံနိုင်ရေးကိုလည်း ကိုယ်စွမ်း၊ ဉာဏ်စွမ်းဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းထမ်းဆောင်ပေးကြရန် ဂုဏ်ပြုအမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)