ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြန့်ဖြူးရောင်းချပေး

ဖြူး ဧပြီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ငလျင်ဘေးဒဏ်သင့်ပြည်သူများ အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက ဖြူးချောင်းတံတားထိပ် ဝဲဒေါင့်ခုံတဲကျေးရွာတွင် ဆန်နှင့်အခြေခံစားသောက်ကုန်များကို လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် ဆန်(၁)ပြည် ၃၀၀၀ ကျပ်၊ ဆီ(၁)ပိဿာ ၈၀၀၀ကျပ်၊ ကြက်ဥ(၁၀)လုံး၄၀၀၀ကျပ်၊ ကြက်သွန်နီ (၅၀)သား ၁၀၀၀ကျပ်၊ ခရမ်းချဥ်သီး(၂၅) ကျပ်သား ၅၀၀ ကျပ်နှင့် ဟင်းသီးဟင်းရွက်များကို လှည့်လည်ရောင်းချပေးကြောင်းနှင့် ဆီ၊ ကြက်ဥ၊ ကြက်သွန်များ အများဆုံး ရောင်းချရကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)