မော်လမြိုင် ဧပြီ ၁၂
မွန်ပြည်နယ်တွင် အားကစားကဏ္ဍတိုးတက်အောင်မြင်မှုရှိစေရေးနှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများကို ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ရေးအတွက် ၂၀၂၅ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ်၊ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဧပြီ ၁၀ ရက် ညနေပိုင်းက၊ မော်လမြိုင်မြို့၊ ရာမညအားကစားပြိုင်ကွင်း၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အားကစားဝါသနာရှင်များမှ ကျိုက်ထိုမြို့နယ် အမျိုးသားဘောလုံးအသင်းနှင့် ကျိုက်မရောမြို့နယ် အမျိုးသားဘောလုံးအသင်းတို့ ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုများ၊ နေရာအလိုက် အကောင်းဆုံးကစားသမားဆုများအားလည်းကောင်း၊ ဒုတိယဆု၊ ပူးတွဲတတိယဆုများရရှိကြသည့် ပြိုင်ပွဲဝင်ဘောလုံးအသင်းများအားလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ်၊ အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကျိုက်မရောမြို့နယ်ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုများနှင့် တံခွန်စိုက်ဒိုင်းဆုအား ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ မွန်ပြည်နယ် (၁၀) မြို့နယ်အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မတ်လ ၂၆ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)