မော်လမြိုင်မြို့နယ်တွင် အန္တရာယ် ကင်းပရိတ်တရားတော်များနှင့် ရတနသုတ်တရားတော်အား ရွတ်ဖတ်ပူဇော်

မော်လမြိုင် ဧပြီ ၁၂

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် နိုင်ငံအတွင်းရှိ ပြည်သူပြည်သားများအနေဖြင့်  ၂၀၂၅ ခုနှစ် မတ်လ၂၈ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးအပါအဝင် ကပ်ကြီး သုံးပါးဘေးတို့မှကင်းဝေးစေရန် နိုင်ငံတော်အေးချမ်းသာယာစေရန်၊ နိုင်ငံအဝန်းဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ပြည်သူများစိတ်ကြည်နူးအေးချမ်းစေရန်ရည်ရွယ်၍ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မော်လမြိုင်မြို့နယ် ဌာနဆိုင်ရာအသီးသီးမှ ဝတ်ရွတ်အသင်းများက သက်ဆိုင်ရာဓမ္မာရုံများ၊ စေတီပုထိုး များနှင့်ဌာနဆိုင်ရာရုံးများ၌  ရွတ်ဖတ်ပူဇော်လျက်ရှိသည်။

 မော်လမြိုင်မြို့နယ်အတွင်းရှိ ဘုရားပုထိုးစေတီများ၊ ဘုန်တော်ကြီးကျောင်းများ၊ ဓမ္မာရုံများ၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်/ကျေးရွာများ၌ အန္တရာယ်ကင်းပရိတ်တရားတော်များနှင့် ရတနသုတ်တရားတော်များကို ရွတ်ဖတ်ပူဇော်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်ဝင်းနိုင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကျိုက်သလ္လံ စေတီတော်မြတ်ကြီး၊ မစိုးရိမ်စာသင်တိုက် ဘုန်းတော်ကြီးကျောင်း၌ဆရာတော်၊ သံဃာတော်များနှင့် ဝတ်ရွတ်အသင်းများ၏ အန္တရာယ်ကင်းပရိတ်တရားတော်များနှင့် ရတနသုတ်တရားတော်များ ရွတ်ဖတ်ပူဇော်မှုကို လှည့်လည်နာကြားခဲ့ကြပြီး လိုအပ်သည်များကို စီမံဆောင်ရွက်ပေးခဲ့ ကြကြောင်းသိရသည်။

 အဆိုပါ အန္တရာယ်ကင်းပရိတ်တရားများနှင့် ရတနသုတ်တရားတော်များ ရွတ်ပူဇော်မှုကို ဧပြီလ (၈) ရက်နေ့မှ (၁၆) ရက်နေ့အထိ (၉) ရက်တိုင်တိုင် ညစဥ် (၇) နာရီမှ စတင်ကာ ရွတ်ဖတ် ပူဇော်သွား ကြမည်ဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)