ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည့် ငလျင်ဘေးဒဏ်သင့်လူနာများအား သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ အလှူငွေများထောက်ပံ့လှူဒါန်း

တာမွေ ဧပြီ  ၁၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ သင်္ဃန်းကျွန်းခရိုင်၏စီစဉ်မှုဖြင့် ဧပြီ (၁၀)ရက်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည့် မြန်မာပြည်အနယ်နယ်အရပ်ရပ်မှ ငလျင်ဘေးဒဏ်သင့်လူနာများအား သင်္ဃန်းကျွန်းခရိုင်နှင့်ခရိုင်အတွင်းရှိ မြို့နယ်များမှ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များက အလှူငွေများ ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့သည်။

ထိုကဲ့သို့ လှူဒါန်းရာတွင် သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှဥက္ကဋ္ဌ ဦးကျော်စည်သူနှင့်နှင့်အလုပ်အမှုဆောင်များ၊ ခရိုင်အတွင်းရှိမြို့နယ်များမှဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များက ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည့် မြန်မာပြည်အနယ်နယ်အရပ်ရပ်မှ ငလျင်ဘေးဒဏ်သင့်လူနာ တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် လူနာ(၃၅)ဦးအတွက် စုစုပေါင်းလှူဒါန်းငွေကျပ်(၃၅)သိန်းတိတိကို လူနာရှင်များ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)