ငလျင်ဘေးဒဏ်ကြောင့် ကွယ်လွန်သူများအားရည်စူး၍ ဘာသာပေါင်းစုံ ဆုတောင်းမေတ္တာပို့သပွဲ ကျင်းပ

တာမွေ ဧပြီ ၁၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ သင်္ဃန်းကျွန်းခရိုင်၏စီစဉ်မှုဖြင့် ယမန်နေ့နံနက်ပိုင်းအချိန်က မြန်မာပြည်အနယ်နယ်အရပ်ရပ်မှ ငလျင်ဘေးဒဏ်ကြောင့် ကွယ်လွန်သူများအားရည်စူး၍ ဘာသာပေါင်းစုံ ဆုတောင်းမေတ္တာပို့သပွဲနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ ဟိန္ဒူဘုရားကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းနှင့် အစ္စလာမ်ဝတ်ပြုဆုတောင်းကျောင်း(ဗလီ)တို့၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးနှင့် အလုပ်အမှုဆောင်များ၊ သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးကျော်စည်သူနှင့် အလုပ်အမှုဆောင်များ၊ ခရိုင်အတွင်းရှိ မြို့နယ်များမှ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာပြည်အနယ်နယ်အရပ်ရပ်မှ ငလျင်ဘေးဒဏ်သင့်လူနာများအတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့ကြသော အလှူရှင်များအား သက်ဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် သင်္ဃန်းကျွန်းခရိုင်ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဥက္ကဋ္ဌဦးကျော်စည်သူက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက မိမိတို့ယုံကြည်ကိုးကွယ်ရာဘာသာအလိုက် မေတ္တာပို့ဆုတောင်းခဲ့ကြသည်။

အဆိုပါ ဘာသာပေါင်းစုံ ဆုတောင်းမေတ္တာပို့သရာတွင် ရန်ကုန်တိုင်းဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးနှင့် အလုပ်အမှုဆောင်များ၊ သင်္ဃန်းကျွန်းခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်များမှ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များနှင့်အတူ အစ္စလာမ်ဘာသာဝင်များက ဇိနသွယ်အစ္စလာမ်စွန္နီဗလီ(ရန်ကင်းဗလီ)၌လည်းကောင်း၊ ဗုဒ္ဓဘာသာဝင်များက မဟာဗောဓိပရိယတ္တိစာသင်တိုက်၌လည်းကောင်း၊ ဟိန္ဒူဘာသာဝင်များက စရီကလျာဏဝေ(န်)ကတေစဲပေရူမာလ် ဘုရားကျောင်း၌လည်းကောင်း၊ ခရစ်ယာန်ဘာသာဝင်များက ငြိမ်သက်ခြင်း ဧဝံဂေလိအသင်းတော်၌လည်းကောင်း သက်ဆိုင်သည့် မိမိတို့ယုံကြည်ကိုးကွယ်မှုဘာသာအလိုက် ငလျင်ဘေးဒဏ်ကြောင့် ကွယ်လွန်သူများအား ဆုတောင်းမေတ္တာပို့သခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင် (ပြန်/ဆက်)