ရန်ကုန် ဧပြီ ၁၃
ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၅)ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ(၄)၌ကျင်းပပြုလုပ်ရာ ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့်တကွ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဆက်စပ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်းနယ်ပယ် ပုဂ္ဂလိကအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ တတ်သိပညာရှင်များနှင့်တကွ အထူးဖိတ်ကြားထား သူများတက်ရောက်ကြကြောင်း သိရသည်။
အစည်းအဝေးတွင် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း ခရီးသွားလုပ်ငန်းကဏ္ဍဆိုင်ရာ ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများနှင့် ယခုနှစ်တွင် ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်မည့်အခြေအနေများအပေါ် ရှင်းလင်းသုံးသပ်ဆွေးနွေးခဲ့ပြီး ယခုနှစ်ခရီးသွားရာသီအတွက် ကြိုတင်မျှော်မှန်းဆောင်ရွက်ထားကြရမည့် အခြေအနေများနှင့်ပတ်သက်၍ ကော်မတီအဖွဲ့ဝင်များမှဝိုင်းဝန်းဆွေးနွေးပေးကြရန် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဟိုတယ်လုပ်ငန်းလိုင်စင် အသစ် (၄) ခုနှင့် သက်တမ်းတိုး (၆၅)ခု၊ တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်သက်တမ်းတိုး (၁၉)ခု၊ တည်းခိုဆောင် (Hostel) လုပ်ငန်းလိုင်စင်အသစ် (၂)ခု၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင် (ပြည်တွင်း/ ပြည်ဝင်) အသစ် (၈၂)ခုနှင့် သက်တမ်းတိုး (၁၉၇)ခု၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင် (ပြည်ပ) အသစ် (၄၉)ခုနှင့် သက်တမ်းတိုး (၅၇)ခု၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်အသစ် (၄)ခုနှင့် သက်တမ်းတိုး (၁၈၀)ခု၊ ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသိအမှတ်ပြုလက်မှတ် (၁၀)ခုတို့အား ခွင့်ပြုပေးခဲ့ရာ ဟိုတယ်လုပ်ငန်းကဏ္ဍအတွင်း အသစ်ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကျပ် သန်းပေါင်း (၃,၇၇၀) ကျော်ရှိကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ဟိုတယ်နှင့်တည်းခိုရိပ်သာများ၏ ဝန်ဆောင်မှုအဆင့်အတန်း အစဉ်ကောင်းမွန်နေစေရေးနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနယ်ပယ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် သင်တန်းများဖွင့်လှစ်နိုင်ရေးကိစ္စနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ တက်ရောက်လာသူများမှ အသီးသီးဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း၍ လမ်းညွှန်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဇွဲထက်ကို(ပြန်/ဆက်)