ပြည်ပနိုင်ငံများမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိ

ရန်ကုန် ဧပြီ ၁၃

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသော ငလျင်ဒဏ်ဘေးသင့် ဒေသများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ တင်ဆောင်လာသည့် Air China လေကြောင်းမှ လေယာဉ်သည် ယနေ့ နေ့လယ် ၁၂ နာရီ ၂၀ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိလာခဲ့သည်။

အဆိုပါလေယာဉ်ဖြင့် ခြင်ထောင်၊ မိုးကာစနှင့် လူသုံးကုန်၊ စားသောက်ကုန်များ စုစုပေါင်း ၁၄၅၆၂ ထုပ်၊ ၉၀၈၉၃ Kg  ပါရှိပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိစဉ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ Economic& Commercial Counsellor ဖြစ်သူ Mr.Ou Yang Daobingနှင့် တာဝန်ရှိသူများက ရောက်ရှိလာသည့်ပစ္စည်းများအား လိုက်လံကြည့်ရှု၍ လက်ခံကြိုဆိုခဲ့ကြသည်။ 

ဆက်လက်၍ ဘရူနိုင်းနိုင်ငံမှ ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာသည့် ဘူရူနိုင်းတပ်မတော်လေယာဉ်သည် ယနေ့မွန်းလွဲ ၃ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာရာ ယင်းလေယာဉ်ဖြင့် အထောက်အကူပြုပစ္မည်းများဖြစ်သည့် ဆိုလာမီးအိမ်၊ အိပ်ယာလိပ်၊ စောင်၊ မိုးကာစစုစုပေါင်း (၁၀၈၀)လုံး၊၂၇၄၉kg ပါရှိပြီး ရန်ကုန်မြို့သို့ရောက်ရှိစဉ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများကလိုက်လံကြည့်ရှု၍ လက်ခံ ကြိုဆိုကြသည်။

အဆိုပါ ရောက်ရှိလာသည့် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်သားများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှဝန်ထမ်းများ၊ ပြည်တွင်းကုန်တင်ကုန်ချ လုပ်သားများက သက်ဆိုင်ရာ မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ပြီး ငလျင်ဘေးသင့်ဒေသများသို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် နေပြည်တော်သို့ ဆက်လက်ပို့ဆောင် ခဲ့ကြောင်း သတင်းရရှိသည်။

ဇွဲထက်ကို(ပြန်/ဆက်)