ပဲခူး ဧပြီ ၁၃
ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၇)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ သံဃာအပါး(၅၀၀)ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ဧပြီလ(၁၂) ရက်နေ့၊ ညနေပိုင်းအချိန်က အဆိုပါစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ပါဝင်လှူဒါန်း ကုသိုလ်ကောင်းမှု ပြုလုပ်ခဲ့ကြသည်။
ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၇)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား ၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း (၁၀)ရက်နေ့မှ တန်ခူးလပြည့်ကျော်(၄)ရက်၊ ၂၀၂၅ခုနှစ်၊ ဧပြီလ(၇)ရက်နေ့မှ ဧပြီလ(၁၆)ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် ဗုဒ္ဓ၊ ဓမ္မ၊ သံဃာသုံးဌာန ပူဇော်ပွဲအဖြစ် ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ ဧပြီလ(၁၂)ရက်နေ့တွင် သံဃာပူဇော်ပွဲအနေဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ပြီး ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဂေါပကအဖွဲ့များနှင့် အလှူရှင်များစုပေါင်းကာ သံဃာအပါး(၅၀၀)အား ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သံဃာအပါး(၅၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာထွေးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဖွဲ့ဝင်များမှ သံဃာတော်အရှင်သူမြတ်များအား နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်လှူဒါန်းပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)