စစ်ကိုင်းမြို့နယ်တွင် (CERP)အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါး ပေါ်ဆန်းရင် စိုက်ခင်းအား စံကွက်ရိတ်သိမ်ခြင်း ထိရောက်မှုရှိရေး လက်တွေ့ဆောင်ရွက်

စစ်ကိုင်း ဒီဇင်ဘာ ၉

စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ပဒူတိုက်နယ် နည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ခံနှင့် စိုက်ပညာရှင် ဝန်ထမ်းများသည် နယ်မြေအတွင်းရှိ ကျောင်းဖြူကျေးရွာ တောင်သူ ဦးခင်မောင်ဌေး ၏ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု(CERP)အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါးပေါ်ဆန်းရင် စိုက်ကွင်း အားစံကွက်ရိတ်သိမ်းခြင်း ထိရောက်မှု ရှိစေရန် ယမန်နေ့၊ မွန်းလွဲပိုင်းက နည်းပညာများ လက်တွေ့ပြသ ပေးခဲ့ကြကြောင်းသိရသည်။

" ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ မြို့နယ်အတွင်းမှာရှိတဲ့ မိုးသီးနှံ၊ ဆောင်သီးနှံစိုက်ပျိုး တောင်သူတွေကို သက်ဆိုင်ရာသီးနှံများအလိုက် ထွက်နှုန်းကောင်းအောင် နည်းပညာတွေ လက်တွေ့ ပြသ ဆောင်ရွက်ပေးနေပါတယ် အဓိကတော့ ဓာတုပစ္စည်းသုံးစွဲမှုလျော့ချရေးနဲ့ သဘာဝမြေဩဇာပြု လုပ်သုံးစွဲစေရန်၊ သဘာဝပိုးပြေးဆေး ပြုလုပ်သုံးစွဲစေရန် တို့ကိုနည်းပညာပေးပြီး ဓာတုဓာတ်ကြွင်း အန္တရာယ်အကြောင်းကို ရှင်းလင်းဆွေးနွေးပေးပါတယ် အခုလည်းပဲ မိုးစပါးပေါ်ဆန်းရင်စိုက်ကွင်း အား ထိရောက်မှုရှိစေရန်နဲ့ ရိတ်သိမ်းရာတွင် အလေအလွင်မရှိစေရန် ရိတ်သိမ်းချိန်လွန် နည်းပညာများ ပေးပြီး သီးထပ်အဖြစ်စိုက်ပျိုးနိုင်အောင် ဆွေးနွေးပေးပါတယ် အခုလည်း စံကွက်ရိတ်သိမ်းလိုက်တဲ့ အခါမှာ တစ်ဧကထွက်နှုန်း (၇၄.၆)တင်းထွက်ရှိပါတယ် ပုံမှန်ထွက်နှုန်းပါပဲ " ဟု  မြို့နယ်စိုက်ပျိုး ရေးဦးစီးမှူး ဦးဇော်ဦးက ပြောပြ၍သိရသည်။

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများအား စိုက်ပျိုးရေး အခက်အခဲများရှိပါက သက်ဆိုင်ရာ တိုက်နယ်နည်းပညာပြန့်ပွားရေး စင်တာများနှင့် ချိတ်ဆက်၍ အချိန်နှင့် တစ်ပြေးညီ ဆွေးနွေးမေးမြန်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။

 

ဇော်မြင့်နိုင်