စစ်တွေ ဧပြီ ၁၄
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ၁၃၈၆ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမနှင့် အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးတို့၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ နံ့သာသွေးအဖွဲ့များနှင့် ယိမ်းအကအဖွဲ့များ တက်ရောက်ကြသည်။
ရှေးဦးစွာ ရခိုင်ရိုးရာနံ့သာသွေးပွဲအခမ်းအနားကို ရခိုင်မင်္ဂလာစည်တော်ယွမ်းပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးနာယက၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နံ့သာသွေးပွဲတော်ကို ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ်များမှစ၍ ယနေ့ခေတ်တိုင်အောင် သားစဉ်မြေးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းထိန်းသိမ်းလာကြသော ရခိုင်တိုင်းရင်းသားများ၏ ရိုးရာဓလေ့အစဉ်အလာတစ်ခုဖြစ်ကြောင်း၊ ရခိုင်ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်သည် ဗုဒ္ဓဘာသာကိုအခြေခံသည့် ပွဲတော်ဖြစ်သည့်အတွက် သင်္ကြန်အကြိုနေ့မတိုင်မီ တစ်ရက်အလိုတွင် မိမိတို့မြို့ရွာ၊ ရပ်ကွက်အလိုက် ကိုးကွယ်သည့် ဘုန်းတော်ကြီးကျောင်း၊ သိမ်အဆောက်အအုံများကို လူပျို၊ အပျို၊ ရပ်ကွက်လူငယ်များက စုပေါင်းသွားရောက်၍ ရေဖြင့်ဆေးကြောသန့်စင် သန့်ရှင်းခြင်းများကို ဦးစွာလုပ်ကိုင်ကြကြောင်း၊ ညနေပိုင်းတွင် မိမိတို့ရပ်ကွက်ရှိ ဓမ္မာရုံ(သို့မဟုတ်) ယာယီအဆောက်လုပ်ထားသည့် မဏ္ဍပ်စသည့် အဆောက်အအုံများ၌ မီးများထွန်းညှိ၍ နံ့သာသွေးပွဲဆောင်ရွက်ကြကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိန်းမပျိုများသည် မိမိတို့၏ နံ့သာ၊ ကရမက်၊ အမွှေးနံ့သာတုံးများကို ယူဆောင်လာကာ ငွေဖလား၊ ကြေးဖလား၊ ဖန်ဖလားများဖြင့် စုဆောင်းထားကြပါကြောင်း၊ မိန်းမပျိုများ နံ့သာသွေးနေကြစဉ် ယောင်္ကျားပျိုများမှာလည်း မဏ္ဍပ်အဆောက်အအုံအပြင်မှ တူရိယာများဖြင့် ပျော်ရွှင်စွာသီဆိုတီးမှုတ်ကခုန်ကြပြီး ညဉ့်ဦးပိုင်းတွင် စုဆောင်းထားရှိသော အမွှေးနံ့သာရည်များအား တာဝန်ရှိသူများက စဉ့်အိုးကြီးများတွင်ထည့်၍ ကောင်းမွန်စွာသိမ်းဆည်းထားကြပြီး ထိုကဲ့သို့ အစီအစဉ်များဖြင့် စီစဉ်ဆောင်ရွက်ခြင်းကို ရခိုင်ရိုးရာနံ့သာသွေးပွဲဟုခေါ်ကြောင်း၊ ဗုဒ္ဓဘာသာတိုင်းပြည်၊ ဗုဒ္ဓဘာသာလူမျိုးတိုင်း၌ နှစ်ကူးအတာသင်္ကြန်ကို ဆင်ယင်ကျင်းပကြသော်လည်း နံ့သာသွေးပွဲကို အခြားဒေသတွင် ဆောင်ရွက်ခြင်းမပြုကြကြောင်း၊ နံ့သာသွေးပွဲတော်ဆိုသည်မှာ ထူးခြားသည့် ရခိုင်လူမျိုးတို့၏ ခေတ်အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသော ကိုယ်ပိုင်ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်ပင်ဖြစ်ကြောင်းနှင့် ယဉ်ကျေးသိမ်မွေ့ပြီး သမိုင်းအစဉ်အလာကြီးမားသော ရခိုင်ရိုးရာနံ့သာသွေးပွဲတော်ကို မပျောက်ပျက်အောင် ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ စည်းလုံးမှုအင်အား၊ ကောင်းမွန်ခိုင်မာသော ရိုးရာအစဉ်အလာဓလေ့များနှင့် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးအပေါ်တွင်ထားရှိသော သဒ္ဓါတရား ရိုသေဦးခိုက်ကိုးကွယ်မှုများဖြင့် အင်မတန်ယဉ်ကျေးသော ယဉ်ကျေးမှုများကိုပြသသော ယခုနံ့သာသွေးပွဲတော်မှသည် ရခိုင်ပြည်နယ်ကြီးတစ်ခုလုံး အေးချမ်းသာယာပြီး စည်ပင်ဝဖြိုးသည့် ပြည်နယ်ကြီးတစ်ခုဖြစ်ရန်အတွက်လည်း ယနေ့အချိန်ကာလမှစတင်ပြီး မဆုတ်မနစ်သော ဇွဲလုံ့လ၊ ဝိရိယများနှင့်အတူ နိုင်ငံတော်၏ မူဝါဒလမ်းစဉ်အတွင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့်အတူ လက်တွဲပြီး တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်တိုက်တွန်းလိုကြောင်း၊ ထို့ပြင် နံ့သာသွေးပွဲနှင့်အတူ တိုင်းရင်းသားတို့ လူမျိုးမရွေးနှစ်သက်စွာ လိမ်းခြယ်ကြသော သနပ်ခါးအား မြန်မာဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် ကမ္ဘာကသိအောင် နိုင်ငံတော်က အလေးပေးဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် သနပ်ခါးကို ထင်သာမြင်သာရှိစေရန် မိမိတို့ရခိုင်ပြည်နယ်ကလည်း သနပ်ခါးကြိုက်ကြောင်း ပြသသည့်နေဖြင့် နံ့သာသွေးပွဲအပြီးတွင် သနပ်ခါးလိမ်းပွဲကိုလည်း ဖြည့်စွက်စီမံဆောင်ရွက်ပေးထားကြောင်းနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများအားလုံး ဝိုင်းဝန်းပူးပေါင်းပါဝင်ဆင်နွှဲကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် နံ့သာသွေးအဖွဲ့များက တစ်ဖွဲ့ချင်းစီမိတ်ဆက်ကြပြီး နံ့သာသွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက နံ့သာသွေးပွဲအား လှည့်လည်ကြည့်ရှုအားပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက နံ့သာသွေးအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးသို့ ဘုရားရေသပ္ပာယ်ရန် ရခိုင်ရိုးရာစဉ်လာမပျက် စီတန်းလှည့်လည်ကာ သွားရောက်ကြပြီး စစ်တွေမြို့၊ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီး၌ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက ပြည်လုံးချမ်းသာဘုရားကြီးအား ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ကြသည်။
ဆက်လက်၍ ဘုရားရေသပ္ပါယ်အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားရှိခိုး၍ ဖွင့်လှစ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများသည် နံ့သာသွေးပွဲမှ ရရှိလာသော နံ့သာရေများဖြင့် ရခိုင်ရိုးရာစဉ်လာမပျက် အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီးရှိ ဗုဒ္ဓဆင်းတုတော်များအား ဘုရားရေသပ္ပာယ် ပူဇော်ခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်များသည် ရခိုင်ရိုးရာအစဉ်အလာနှင့်အညီ သင်္ကြန်အကြို၊ အတာအကြိုအဖြစ် အတာရေများဖြင့် တစ်ဦးကိုတစ်ဦး ပက်ဖြန်းကြပြီး အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးရှေ့၌ သီလရှင်ဆရာကြီး၊ ဆရာလေးများအား လှူဖွယ်ဝတ္ထုများဆက်ကပ်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်များ၊ နံ့သာသွေးအဖွဲ့များ၊ ဒေသခံပြည်သူများသည် ဘုရားကြီးရှေ့ရှိ စတုဒိသာမဏ္ဍပ်များ၌ သင်္ကြန်အကြို မုန့်များကျွေးမွေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြကာ အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)