ပွင့်ဖြူ ဧပြီ ၁၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပြည်သူများက မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော် ကာလတွင် ရှေးထုံးစဉ်လာများနှင့်အညီ ဥပုသ်သီလဆောက်တည်ခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ ရေကစားခြင်း၊ တရားစခန်းများဝင်ရောက်ခြင်း၊ ကုသိုလ်ကောင်းမှုပြုကြခြင်းများဖြင့် အေးချမ်းစွာဆင်နွှဲလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်တောင်သူဖွံ့ဖြိုးရေးအသင်းက လယ်ကိုင်း-ရွှေလှေ-ထနောင်းကုန်း ကျေးရွာချင်းဆက်လမ်းပျက်စီနေမှုအား အများပြည်သူအန္တရာယ်ကင်းစွာသွားလာနိုင်ရန် စုပေါင်းပြုပြင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ လမ်းပြုပြင်ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်တောင်သူဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အသင်းအဖွဲ့ဝင်များက လုပ်သားများငှားရမ်း၍ လယ်ကိုင်း-ရွှေလှေ-ထနောင်းကုန်း ကျေးရွာချင်းဆက် မြေနီကျောက်စရစ်လမ်းတစ်လျှောက် ယိုယွင်းပျက်စီးနေသောချိုင့်ခွက်များကို အများပြည်သူအန္တရာယ်ကင်းစွာသွားလာနိုင်ရန် ကျောက်စရစ်များဖြည့်တင်းပြီး ကောင်းမွန်အောင် စုပေါင်းပြုပြင်ခဲ့ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာဓလေ့ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုနှင့်အညီ ကခုန်တီးမှုတ်ခြင်းမျိုးမပါရှိပဲ တည်ငြိမ်အေးချမ်းသောသင်္ကြန်အဖြစ် ပြည်သူများက အေးချမ်းစွာအမွှေးနံ့သာရည်များပက်ဖျန်းခြင်း၊ စားသောက်ဖွယ်ရာများဖြင့် စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်း၊ မြန်မာ့ရိုးရာသနပ်ခါးနေ့အထိမ်းအမှတ် သနပ်ခါးလိမ်းခြယ်ခြင်းတို့ဖြင့် ယဉ်ကျေးသိမ်မွေ့စွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)