တောင်ဥက္ကလာပမြို့နယ်၌ အန္တရာယ်ကင်းရတနာသုတ် ပရိတ်တရားတော်များ ဆက်လက်ရွတ်ဖတ်ပူဇော်

တောင်ဥက္ကလာပ ဧပြီ ၁၅

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိပြည်သူများ သဘာဝဘေးအန္တရာယ်များ ကင်းရှင်းစေရန်ရည်ရွယ်၍ တိုင်းဒေသကြီး၊ ခရိုင်များနှင့် မြို့နယ်များတွင် ဆရာတော်၊ သံဃာတော်များဖြင့် ပရိတ်ကြီး(၁၁)သုတ် ရွတ်ဖတ်ပူဇော်ခြင်း၊ ရပ်ကွက်များ၌ ဝတ်ရွတ်အဖွဲ့များ၊ ၀န်ထမ်းများ၊ ပြည်သူများဖြင့် ရတနာသုတ်ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခြင်းကို ဆောင်ရွက်လျက်ရှိရာ တောင်ဥက္ကလာပမြို့နယ် သုံးထပ်ဆောင် သာသနာ့ဗိမ္မာန်တော်ကြီးနှင့် မုနိဓမ္မာရုံကြီးတို့တွင်လည်း ဧပြီ ၁၃ ရက် ည (၇) နာရီအချိန်မှစ၍ ဆက်လက်ရွတ်ဖတ်ပူဇော်ကြကြောင်း သိရသည်။

ထိုသို့ ရွတ်ဆိုပူ‌ဇော်လျက်ရှိရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်မြတ်မိုး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဝတ်ရွတ်အဖွဲ့များ၊ ၀န်ထမ်းများ၊ ၀န်ထမ်းမိသားစု၀င်များ၊ ပြည်သူများက ဧပြီ ၁၃ ရက်နေ့ ည ၆ နာရီ ၄၅ မိနစ်တွင် ဘုရားကန်တော့ခြင်း၊ သီလခံယူခြင်း၊ နတ်ပင့်ခြင်းတို့ဖြင့် ပူဇော်ကန်တော့ကြ၍ ည ၇ နာရီအချိန်မှ စတင်ကာ ရတနာသုတ်ပရိတ်တရားတော်ကို (၉)ခေါက်ရွတ်ဆို ပူဇော်ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပရိတ်တရားရွတ်ဖတ်ပူဇော်ကြသော ဆရာတော်၊ သံဃာတော်အရှင်မြတ်တို့ထံသို့ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြသည်။

တောင်ဥက္ကလာပမြို့နယ်အနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း၍ အနာရောဂါကင်းဝေးစေရန်၊ ကျန်းမာခြင်း၊ ချမ်းသာခြင်းများနှင့်ပြည့်စုံစေပြီး ကျက်သရေမင်္ဂလာ တိုးပွားစေရန်ရည်ရွယ်၍ ရတနာသုတ်ပရိတ်တရားတော်မြတ်ကို ဧပြီလ ၈ ရက်နေ့မှ ၁၆ ရက်နေ့အထိ ညစဉ်ညတိုင်း ညနေ ၇ နာရီအချိန်မှစ၍ ၉ ခေါက် ရွတ်ဖတ်ပူဇော်မှုများ ပြုလုပ်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)