တွံတေးမြို့နယ်၌ ရှမ်းရိုးရာဓလေ့ နှစ်ဦးသဲပုံစေတီတည်ထားပူဇော်ပွဲ ကျင်းပမည်   

                  တွံတေး  ဧပြီ ၁၅                 

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့၏ ကျက်သရေဆောင်ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အရှေ့ဘက်ရင်ပြင်တော်၌ (၄၆၀)ကြိမ်မြောက် ရှမ်းရိုးရာဓလေ့နှစ်ဦးသဲပုံစေတီတည်ထားပူဇော်ပွဲကို ဧပြီ ၁၇ ရက်( မြန်မာ့နှစ်ဆန်းတစ်ရက်နေ့) နံနက်၄နာရီမှ စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သဲပုံစေတီပူဇော်ပွဲအတွက် နံနက်၄နာရီမှစတင်ကာ သဲလုပ်အားဒါနပြုလိုသူများက သဲများလာရောက်သယ်ဆောင်နိုင်ပြီး ရှမ်းလေးရွာဖြစ်သည့်ရှမ်းစုကြီး၊ ညောင်တံခါး၊ မူးလမန်း၊ ငါးခမ်းမစမ်းရွာများကဦးဆောင်ကာ နှစ်စဥ်နှစ်ဦးသဲပုံစေတီ တည်ထားပူဇော်ခဲ့ကြသည်။ နှစ်ဦးသဲပုံစေတီကို နှစ်ဆန်းတစ်ရက်နေ့မှ ဝါဆိုလအထိတည်ထားပူဇော်ပြီးရှမ်းရိုးရာဓလေ့ သဲပုံစေတီပွဲကို အဆိုပါရှမ်းလေးရွာကဦးဆောင်ကျင်းပရာ ယခုနှစ်တွင် ငါးခုမ်းမစမ်းကျေးရွာကရာဇမတ်၊ ညောင်တံခါးကျေးရွာက ဂွေငါးဂွေနှင့်ပိန္နဲတိုင်၊ ရှမ်းစုကြီးကျေးရွာ ခေါင်းလောင်းနှင့်ကြာမှောက်ကြာလန်ဌက်ပျောဖူး၊ မူးလမန်းကျေးရွာကထီးတော်တို့ကိုပြုလုပ်၍ စေတီတည်ထားကြောင်းနှင့် စေတီ၏အစိတ်အပိုင်းများကို ကျေးရွာများကနှစ်စဥ်အလှည့်ကျ ဆောင်ရွက်ကြရကြောင်း တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

ရှမ်းလေးရွာ၏ ရိုးရာမပျက်နှစ်ဦးသဲပုံစေတီပူဇော်ပွဲသည်(၄၆၀) ကြိမ်ရှိလာပြီဖြစ်ကြောင်း ရိုးရာဓလေ့မပျောက်ပျက်စေရန် ယနေ့လူငယ်များက ဆက်လက်ဆောင်ရွက်နေကြောင်း၊ သဲပုဲစေတီတော်၏အတိုင်းအတာများကို ရှမ်းစာပေယဥ်ကျေးမှုအဖွဲ့(တွံတေး)က သတ်မှတ်ပေးထားသည့်အတိုင်း၊ အတာအကွာအဝေး၊ အနိမ့်အမြင့်ကို ရှမ်းလေးရွာကပြုလုပ်ရကြောင်း သဲပုံစေတီ၏ ဥာဏ်တော်အမြင့်မှာ ကိုးတောင်ဖြစ်ကြောင်း သဲပုံစေတီပူဇော်ပွဲကျင်းပရေးတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

တွံတေးသား