ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် ဒေသခံပြည်သူများစုပေါင်းပြီး သင်္ကြန်ကာလ ကန်ဆယ်ခြင်း(ပြုပြင်ထိန်းသိမ်းခြင်း) ကုသိုလ်ပြုလုပ်

ပွင့်ဖြူ ဧပြီ ၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာနေပြည်သူများ သောက်သုံးရေအတွက် မှီခိုအားထားရသည့် ကျေးရွာတောရကျောင်းကန်တော်ကြီးအား မိုးရေပိုမိုစုဆောင်းနိုင်ရေးအတွက် ဧပြီ ၁၅ ရက်နေ့က ကျေးရွာနေပြည်သူများက သင်္ကြန်တွင်းကာလ ကန်ဆယ်ခြင်း(ကန်ပြုပြင်ခြင်း)အား ကုသိုလ်ပြုစုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တောရကျောင်းကန်တော်ကြီးသည် အကျယ်အဝန်းအားဖြင့် ၅ ဧက ခန့်ရှိပြီး နှစ်စဉ်ကျေးရွာနေ ပြည်သူများနှင့်ကျေးရွာရှိ ကျွဲ၊ နွားတိရစ္ဆာန်များအတွက် သောက်သုံးရေမှီခိုအားထားနေရသည့် မိုးရေလှောင်ကြီးဖြစ်ကာ ယခုနှစ်တွင်ကန်အတွင်း၌ ယခင်နှစ်ကမိုးရေနှင့်အတူ စီးမျောပါလာသည့် သဲနုန်း၊ ရွှံ့နုန်းများဖြင့် တိမ်ကောနေ၍ ကျေးရွာနေပြည်သူများကစုပေါင်းပြီး မိုးရေပိုမိုစုဆောင်းနိုင်ရန်အတွက် နှစ်စဉ်သင်္ကြန်တွင်းကာလ၌ ကန်ဆယ်ခြင်း(ကန်ပြုပြင်ခြင်း)အား ကုသိုလ်ပြုထိန်းသိမ်းတူးဖော်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါရေပုတ်ကြီး‌ကျေးရွာမှ ဒေသခံပြည်သူများထံမှ သိရသည်။

ယမန်နေ့က သဲနုန်း၊ ရွှံ့နုန်းများဖြင့်တိမ်ကောနေသော တောရကျောင်းကန်တော်ကြီးအား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလူဝင်းနှင့် ရပ်မိရပ်ဖများ၏ ဦးဆောင်မှုဖြင့် ကျေးရွာရှိ လူကြီး၊ လူငယ်နှင့် ကျောင်းနေအရွယ်ကလေးများမကျန်စုပေါင်းပြီး ကန်ဆယ်ခြင်း(ကန်ပြုပြင်ခြင်း)အား တစ်ပျော်တစ်ပါး စုပေါင်းထိန်းသိမ်းတူးဖော်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ တောရကျောင်းကန်တော်ကြီးသည် ကျေးရွာနေပြည်သူများနှင့် ကျေးရွာရှိ ကျွဲ၊ နွား တိရစ္ဆာန် ကောင်ရေ ၂၀၀၀ ကျော်ခန့်အတွက် သောက်သုံးရေအကျိုးပြုပေးနေသည့် မိုးရေလှောင်ကန်ကြီးဖြစ်ကြောင်း ကျေးရွာရပ်မိရပ်ဖ ဦးစိန်ဌေးက ပြောပြ၍ သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )