ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အတက်နေ့၌ အေးချမ်းသာယာစွာ ရေပက်ကစား ဆောင်ရွက်လျက်ရှိ

ရန်ကုန် ဧပြီ ၁

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများသည် မဟာသင်္ကြန်ပွဲတော်အတက်နေ့၌ ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းနှင့် မြန်မာရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို အေးချမ်းသာယာစွာရေပက်ကစား ဆောင်ရွက်လျက်ရှိကြသည်။

၁၃၈၆ခုနှစ် မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်အတက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ဘုရား၊ ကျောင်း၊ ကန်များ၌ ဥပုသ်သီတင်းဆောက်တည် ခြင်း၊ ကုသိုလ်ဒါနပြုဘေးမဲ့လွှတ်ခြင်း၊ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ မဟာသင်္ကြန်ကာလအတွင်း ဖွင့်လှစ်လျက်ရှိသည့် တရားရိပ်သာ၊ တရားစခန်းများ၌ တရားထိုင်ခြင်း၊ စတုဒိတာများ ကျွေးမွေးလှူဒါန်းခြင်းတို့ဖြင့် အေးချမ်းသာယာစွာ ဆောင်ရွက်လျက်ရှိကြသည်။

မဟာသင်္ကြန်အတက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ဇီဝိတဒါနငါးလွှတ်ပွဲကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများနှင့်တာဝန်ရှိသူများက ငါးမြစ်ချင်းကောင်ရေ(၅၀၀၀)ကို ဗဟန်းမြို့နယ်၊ ကန်တော်ကြီးသဘာဝဥယျာဉ်ကန်အတွင်းသို့ ကုသိုလ်ဒါနအဖြစ် လွှတ်ပေးကြသည်။

ဆက်လက်၍ ရန်ကုန်မြို့ပြည်သူ့ရင်ပြင်တွင် ဌာနဆိုင်ရာများနှင့်အလှူရှင်များက စတုဒိတာများကျွေးမွေးလှူဒါန်းခြင်း၊ မြို့နယ်အသီးသီးမှပြည်သူများက မိသားစုလိုက်၊ လူငယ်များကအဖွဲ့လိုက် အေးချမ်းပျော်ရွှင်စွာလာရောက်နေမှုများ၊ မြန်မာ့ရိုးရာသနပ်ခါးလိမ်းသည့် ဓလေ့အား စီစဉ်ထားရှိသည့်နေရာတွင် ပြည်သူများပါဝင်ဆင်နွှဲ မြတ်နိုးစွာလိမ်းခြယ်နေမှုများနှင့်လမ်းလျှောက် မဟာသင်္ကြန်ကို ပြည်သူများပျော်ရွှင်စွာ ရေကစားနေမှုများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများနှင့်တာဝန်ရှိသူများက ကြည့်ရူအားပေးပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တာဝန်ရှိသူများက လာရောက်ပါဝင် ဆင်နွှဲသည့် ပြည်သူများကို ရေပက်ဖြန်းပေးကြသည်။

ထို့အပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းမိသားစုများစုပေါင်း၍ စတုဒိတာ ကျွေးမွေးလှူဒါန်းခြင်းကို ယနေနံနက်ပိုင်းကဆောင်ရွက်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများနှင့် တာဝန်ရှိသူများကသွားရောက်ကာ စတုဒိတာကျွေးမွေးနေမှုနှင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ်စုကိုယ်စားပြု ဒြပ်မဲ့ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ်ပါဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုကို ဂုဏ်ပြုသောအားဖြင့် သနပ်ခါးလိမ်းသည့်ဓလေ့အား သရုပ်ဖော်လိမ်းနေမှုကို ကြည်ရူ့အားပေးပြီး ဝန်ထမ်းမိသားစုများအား သပြေခတ်ဖြင့် ရေပက်ဖြန်းပေးကြသည်။

ဇွဲထက်ကို(ပြန်/ဆက်)