မင်းလှမြို့နယ်၌ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်(အတက်နေ့) ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစား

အထက်မင်းလှ ဧပြီ ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်(အတက်နေ့) ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိပြီး၊ ဥပုသ်သီလဆောက်တည်ခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ တရားစခန်းများဝင်ရောက်ခြင်း၊ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် ယဉ်ကျေးသိမ်မွေ့စွာဆင်နွှဲလျက်ရှိသည်။

မင်းလှမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော်ကာလအတွင်း စေတနာရှင်အလှူရှင်များက သင်္ကြန်အကျနေ့မှအတက်နေ့အထိ အာဟာရဒါနစားသောက်ဖွယ်ရာများဖြင့် စတုဒိသာကျွေးမွေးလှူဒါန်းလျက်ရှိသည်။ ထို့အပြင် နိုင်ငံတစ်ဝန်းရှိရဟန်းရှင်လူပြည်သူများ ဘေးအန္တရာယ်များမှကင်းဝေးစေရန် သာသနာ့ဗိမာန်တော်၊ ဘုန်းတော်ကြီးကျောင်းများ၊ ရပ်ကွက်၊ ကျေးရွာဓမ္မာရုံများ၊ ဌာနဆိုင်ရာရုံးများတွင် အန္တရာယ်ကင်းပရိတ်ပဌာန်းများရွတ်ဖတ်ပူဇော်လျက်ရှိပြီး နှစ်ဆန်း(၁)ရက်နေ့တွင် ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ကန်တော့ပွဲများကို မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ကျင်းပဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)