ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ရဟန်းရှင် လူ ပြည်သူအများဘေးအန္တရာယ် ကင်းဝေးစေရန်ရည်ရွယ်၍ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ဧပြီ ၁

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တစ်နိုင်ငံလုံးမှ ရဟန်းရှင်လူပြည်သူအများ ဘေးအန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲအခမ်းအနားကို ယမန်နေ့ ည ၇ နာရီက ရွှေတိဂုံစေတီတော်ရင်ပြင်တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ တိပိဋကာလင်္ကာရစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိအမှူးပြုသည့် ဆရာတော်၊ သံဃာ့တော်များကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ တိပိဋကာလင်္ကာရစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တအဂ္ဂသာမိထံမှ ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ဆရာတော်၊ သံဃာ့တော်များ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များက အန္တရာယ်ကင်းပရိတ်တရားတော်များအား စုပေါင်းရွတ်ဖတ်ပူဇော်ကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များက ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

၎င်းနောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ တိပိဋကဩဝါဒါစရိယ၊ စေတီယင်္ဂဏပဝရသီရိ မဟာဓမ္မဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သ.စ.အ ဓမ္မာစရိယ (ဝဋံသကာ) ပါဠိပါရဂူလှရတနာ ဆရာတော်ဘဒ္ဒန္တနာရဒါဘိဝံသထံမှ အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုကို ရေစက်သွန်းလောင်း အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်အဓိဌာန်ပြုဆုတောင်းခဲ့ကြသည်။

အဆိုပါပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို ရွှေတိဂုံစေတီတော်ရင်ပြင်၌ ဆရာတော်၊ သံဃာ့တော်များမှ ဧပြီ ၈ ရက်နေ့မှ ဧပြီ ၁၆ ရက်နေ့အထိ ၉ ရက်တိုင်တိုင် ရဟန်းရှင် လူပြည်သူအများ ဘေးအန္တရာယ်ကင်းဝေးစေရန် ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈာယ်ပူဇော်ခဲ့ကြခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရား၊ စေတီများ၊ဌာနဆိုင်ရာရုံးများ၊ တိုင်း/ခရိုင်/မြို့နယ်/ရပ်ကွက်များတွင်လည်း ဆရာတော်၊ သံဃာ့တော်များနှင့် ဝတ်အသင်းအဖွဲ့များကလည်း ရဟန်းရှင်လူပြည်သူအများ ဘေးအန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)