ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူး   ဒီဇင်ဘာ ၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးမြို့တွင် ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်နေရခြင်းသည် ရန်ကုန်တိုင်းနှင့်ထိစပ်လျက်ရှိခြင်းနှင့် စက်ရုံ/အလုပ်ရုံများပြားခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ယခုရက်ပိုင်း စက်ရုံများတွင် ပိုးတွေ့လူနာများ၊ ထိစပ်လူနာများ တိုးမြင့်လာသည်ကို တွေ့ရှိနေရကြောင်း၊ စက်ရုံ/အလုပ်ရုံများ A အဆင့်သတ်မှတ်၍ ဖွင့်လှစ်ခွင့်ပေးခဲ့သည့် စက်ရုံများကို ကျန်းမာရေးညွှန်ကြားချက်များ လိုက်နာမှု အားနည်းခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိခြင်းများ တွေ့ရှိနေရသဖြင့် တိုင်းဒေသကြီး ကိုဗစ်-၁၉ ကော်မတီအနေဖြင့် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ ဒဏ်ရိုက်ခြင်းများ အချိန်ကာလကြာမြင့်လာပြီဖြစ်၍ ထိရောက်သော အရေးယူမှုများ ဆောင်ရွက်သွားနိုင်ရေး ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ကော်မတီများအား လမ်းညွှန်ပြောကြားခဲ့သည်။

ထို့နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကိုဗစ်-၁၉ ပိုးတွေ့လူနာများ ကျန်မာရေးစောက်ရှောက်မှု ပေးနေသည့် ဆေးရုံများအား သတ်မှတ် ဘတ်ဂျက်လျာထား ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း၊ ကျန်းမာရေးညွှန်ကြားချက်များ လိုက်နာမှုမရှိ၍ ပိုးတွေ့သည့် စက်ရုံများအား များပြားလျက်ရှိပြီး  ထိရောက်စွာ အရေးယူ နိုင်ရေးနှင့် စက်ရုံကြို/ပို့ကားများ စစ်ဆေးဆောင်ရွက်ရန် လိုအပ်ကြောင်းကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ရွှေပုံက Mask Campaign ပြုလုပ်ရာတွင် ဒဏ်ငွေနှုန်းထား လျော့နည်းခြင်း ကြောင့် ပြည်သူများ စည်းကမ်းလိုက်နာမှု အားနည်းလျက်ရှိခြင်း၊ ပဲခူးမြို့၊ ရွှေမော်ဓော ဘုရားလမ်းနှင့် ရွှေမော်ဓောဘုရားဝန်း အတွင်းရှိ စျေးဆိုင်များ ဆိုင်ထိုင်ရောင်းချနေခြင်းများအပေါ်  ထိရောက်စွာ အရေးယူသင့်ကြောင်းကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းမြင့်က ရွှေမော်ဓောဘုရားဝန်း အတွင်းရှိ စျေးဆိုင်များ ကျန်းမာရေးညွှန်ကြားချက်အတိုင်း ရောင်းချခြင်းမရှိပါက တိုင်း ကိုဗစ်-၁၉ ကော်မတီမှဖွဲ့စည်းပေးသည့် အဖွဲ့ဖြင့်ရှောင်တခင်စစ်ဆေး၍ ထိရောက်စွာအရေးယူဆောင်ရွက်ရန်ကို လည်းကောင်း အကြံပြုတင်ပြဆွေးနွေးခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက ခရိုင်အလိုက် ပိုးတွေ့ရှိမှု အခြေအနေ၊ ကိုဗစ်-၁၉ ပိုးတွေ့ရှိမှု များပြားသည့် မြို့နယ်/ရပ်ကွက်/လမ်းအလိုက် Semi Lockdown ပြုလုပ်သွားရန်၊ စေတနာ့ဝန်ထမ်းများအတွက် လိုအပ်သော စက်သုံးဆီ၊ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ လိုအပ်ချက်ကို သက်ဆိုင်ရာမြို့နယ် ကိုဗစ်-၁၉ ကော်မတီမှတစ်ဆင့် တင်ပြရန်၊ ပဲခူးတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်က ပဲခူးတိုင်းဒေသကြီး တစ်ခုလုံး၏ ပို့တွေ့ရှိမ ှု(၅၀%)သည် ပဲခူးခရိုင်မှဖြစ်ပြီး ပဲခူးမြို့တစ်ခုတည်းတွင် ပိုးတွေ့ရှိမှု(၂၅%)ဖြစ်ကြောင်း စိစစ်ရသဖြင့် အလွန်များပြားလျက်ရှိကြောင်း၊ စက်ရုံများ/စျေး များတွင် ကျန်းမာရေးညွှန်ကြားချက်များ လိုက်နာမှုမရှိ၍ ထိရောက်စွာ တားဆီးအရေးယူရန် လိုအပ်မည်ဖြစ်ကြောင်း ကိုလည်းကောင်း၊ စေတနာ့ဝန်ထမ်း (We Love Bago)အဖွဲ့ တာဝန်ရှိသူများက Facility Quarantine များတွင် ထားရှိသည့် နေရပ်ပြန်ပြည်သူများ ကျွေးမွေးစရိတ်နှင့် Facility Quarantine ထားရှိသော နေရာ၏ လျှပ်စစ်ဓါတ်အားခများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်ချက်များ ထောက်ပံ့ကူညီပေးရန်ကိုလည်းကောင်း၊ Community Fever Clinic မှ ဆရာဝန်ကြီးက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တစ်လလျှင်ငွေကျပ်(၁၅)သိန်း ထောက်ပံ့ပေးနေ သော်လည်း အလှူရှင်များနည်းပါးလာ၍ ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများနှင့် ဆေးဝါးများ ဝယ်ယူရာတွင် အခက်အခဲများရှိလာသဖြင့် လိုအပ်သည်များ ကူညီထောက်ပံ့ပေးရန်ကို လည်းကောင်း၊ ခရိုင်အုပ်ချုပ်ရေးမှူးများက Semi Lockdown ပြုလုပ်ထားသည့် လမ်း/ရပ်ကွက်များရှိ စက်ရုံ/အလုပ်ရုံ သမားများအား သက်ဆိုင်ရာစက်ရုံမှ တရားဝင်ခွင့်အဖြစ် သတ်မှတ်ပေးရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်း၍ ကျန်းမာရေးညွှန်ကြားချက်များ လိုက်နာမှုမရှိသည့် စက်ရုံ/အလုပ်ရုံများအား အဖွဲ့စနစ်ဖြင့် စစ်ဆေး၍ ထိရောက်စွာ အရေးယူသွားရန် အစီအစဉ်များနှင့် ကျန်းမာရေးညွှန်ကြားချက် လိုက်နာမှုမရှိသူများအား တရားဥပဒေနှင့် အညီသာ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်၍ သက်ဆိုင်ရာမြို့နယ်များအလိုက် အသိပေးဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း၊ အချို့နေရာများတွင် စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်နေသည်ကိုလည်း သိရှိနေရ၍ တိုင်း ကိုဗစ်-၁၉ ကော်မတီမှ ဖွဲ့စည်းပေးသည့် အဖွဲ့ဖြင့် မြေပြင်ကွင်းဆင်း၍ ထိရောက်စွာ အရေးယူသွားမည့် အစီအစဉ်များကိုလည်းကောင်း တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သိရှိရသည်။

ဟိန်းထက်(ပဲခူး)