မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ (၁၄)ဦး တွေ့ရှိ

မင်းဘူး          ဒီဇင်ဘာ        ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ယမန်နေ့ညပိုင်းက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၁၄)ဦး တွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိသူအားလုံးမှာ ကန်ရေကျေးရွာမှဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉  ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ကံက အတည်ပြုပြောကြားသည်။

ပိုးတွေ့အတည်ပြုလူနာများအားလုံးမှာ ကန်ရေကျေးရွာမှ အမျိုးသား (၆)ဦးနှင့် အမျိုးသမီး (၈)ဦး တို့ဖြစ်ပြီး ဒီဇင်ဘာ (၅) ရက်နေ့က ကန်ရေကျေးရွာ (အလက) Quarantine Centre တွင် အသွားအလာကန့်သတ်ထားရှိသူများဖြစ်ကြောင်း သိရသည်။

ပိုးတွေ့အတည်ပြုလူနာများ၏ ဓါတ်ခွဲနမူနာများကို ယမန်နေ့မွန်းလွဲပိုင်း အချိန်က RTD Test Kists ဖြင့် ရယူစစ်ဆေးခဲ့ ရာမှ ယနေ့ညပိုင်းတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သူများ ဖြစ်သည်။ ရောဂါပိုးတွေ့ရှိသူများမှာ ဒေသတွင်းကူးဆက်မှု ပိုးတွေ့အတည်ပြုလူနာနှင့် ဆက်စပ် သူများဖြစ်ပြီး ခရိုင်ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် ဆေးကုသပေးသွား မည်ဖြစ်ကြောင်း၊ ပိုးတွေ့အတည်ပြုလူနာ တွေ့ရှိမှုများသည့်အတွက် ကန်ရေကျေးရွာကို အဝင်အထွက် ကန့်သတ်ထားကြောင်း ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က ပြောသည်။

ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာထိန်းချုပ်နိုင်ရန်အတွက် ကန်ရေ(၁)၊ ကန်ရေ(၂)နှင့် ကန်ရေ(၃) ကျေးရွာတို့ကို အဝင်အထွက်ကန့်သတ်လိုက်ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒီဇင်ဘာ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

မင်းဘူးမြို့တွင် ဒီဇင်ဘာ (၈) ရက်နေ့ ညပိုင်းအထိ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း (၁၅၀)ဦးထိရှိပြီး၊ ဆေးရုံဆင်းခွင့် ရရှိသူ (၁၁၅)ဦး၊ ဆေးကုသမှုခံယူနေသူ(၃၃)ဦးနှင့် အတည်ပြု လူနာများထဲမှ  သေဆုံးသူ နှစ်ဦးရှိထားကြောင်း ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)