မြဝတီမြို့ ကျက်သရေဆောင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၌ ဥပ္ပါတသန္တိပါဠိတော် ငါးရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်မည်

မြဝတီ  ဧပြီ    ၁၈

ကရင်ပြည်နယ်၊  မြဝတီမြို့၏  ကျက်သရေဆောင်  ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်   ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၌  ဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့ထွန်းလင်းစေရန်အတွက် ဥပ္ပါတသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်၉နာရီက အဆိုပါစေတီ တော်မြတ်ကြီး  မြောက်ဘက်မုခ် မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီး  ဝတ်တော်အတွင်း  ကျင်းပသည်။

ဦးစွာ  မြတ်စွာဘုရားရှင်အားအမှူးထား၍   သံဃာတော်၊  အရှင်သူမြတ်များ  ဦးဆောင်ကာ ဥပ္ပါတသန္တိ ပါဠိတော်ကိုပင့်ဆောင်ပြီး စေတီတော်ကြီးအား လက်ယာရစ်တစ်ပတ်  လှည့်လည်ပူဇော်ပြီး  နမောတဿ သုံးကြိမ်ရွတ်ဆို  ဘုရားကန်တော့၍  အခမ်းအနားကို  ဖွင့်လှစ်ပေးသည်။

ဆက်လက်၍  ကိုးနဝင်းဇောတိရတနာ  ပရိယတ္တိစာသင်တိုက်   ပဓာနဆရာတော်   အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ဇောတိပါလထံမှ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိန်သောင်းနှင့် ခရိုင်စီမံ အဖွဲ့ဝင်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးတင်ရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊  ခရိုင်နှင့် မြို့နယ်အဆင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက်ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့ကအန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ် ပူဇော်ခြင်းကို ဧည့်ပရိသတ်အပေါင်းတို့က  နာယူကြည်ညိုကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ  ဆက်ကပ်လှူဒါန်း ပေးကာ လှူဒါန်းမှုအစုစုတို့အတွက်  ရေစက်သွန်းချ   အမျှပေးဝေသည်။      အဆိုပါ   စေတီတော်မြတ်ကြီး၌   ဥပ္ပါတသန္တိပါဠိတော်  ရွတ်ဖတ်ပူဇော်ခြင်းကို  သံဃာတော်၊  အရှင်သူမြတ် တို့က  ဧပြီ   ၁၈   မှ  ၂၂  ရက်ထိ ငါးရက်တိုင်တိုင်  နေ့/ညမပြတ်  ရွတ်ဖတ်ပူဇော်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)